လက်တွေ့အသုံးချဆေးနည်းတို(ဆေးမြီးတို)များ
Posted_Date
Image
Body
ဆရာကြီးခင်ဗျာ။ ကျွန်တော်က သစ်တောဝန်ထမ်း ဟောင်းတစ်ဦးပါ။ အသက် ၅ဝ ကျော်ပါပြီ။ တာဝန် ထမ်းဆောင်ရင်း လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်က ငှက်ဖျားရောဂါရခဲ့ပါတယ်။ ပဲခူးရိုးမတစ်နေရာက ရခဲ့တာပါ။ ငှက်ဖျားရောဂါက ခြင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ပျောက်ကင်းဖို့လည်း အချိန် အတော်ယူရပါတယ်။ ငှက်ဖျားဆေးအပြင်းတွေသောက်ရတဲ့အတွတ် သွေးနီဥအားနည်းပြီး ဆေးရုံလည်း တက်ဖူးပါတယ်။ အခုချိန်အထိ မိုးအေးတဲ့ ရာသီဥတုတွေမှာ အခန့်မသင့်ရင် အဖျားပြန်တက် ပါတယ်။ ဖျားတဲ့အခါ ချမ်းတုန်ပြီး ဖျားပါတယ်။ ကျွန်တော်သိလိုတာက တိုင်းရင်းဆေးပညာမှာ ငှက်ဖျားကုထုံးများရှိပါသလား။ ငှက်ဖျားရောဂါ ပျောက်ကင်းစေနိုင်တဲ့ ဆေးနည်းတွေရှိရင်လည်း ပြန်လည်မျှဝေပေးစေလိုပါတယ်။ နောက်တစ်ခုက စိမ့်စမ်းရေသောက်ရင် ငှက်ဖျားဖြစ်တယ်ဆိုတာ မှန်ပါသလား။ ငှက်ဖျားရောဂါက ရခိုင်ငှက်ပျောသီး၊ တောငှက်ပျောသီးစားရင် ငှက်ဖျားပြန်ထတယ်ဆိုတာ မှန်ပါသလားဆရာ။ ရှင်းလင်းရေးသားပေးစေလိုပါတယ်။
ငှက်ဖျားရောဂါက Anopheles ခြင်ကိုက်ခံရမှု ကနေတစ်ဆင့် ကူးစက်တဲ့ရောဂါဖြစ်ပါတယ်။ နှစ်စဉ် ကမ္ဘာ့လူဦးရေရဲ့ ငှက်ဖျားရောဂါဖြစ်ပွားမှုက လူဦးရေ သန်း ၃၅ဝ ကနေ ၅ဝဝ နီးပါးရှိပြီး ရောဂါကြောင့် သေဆုံးသူဦးရေမှာ တစ်သန်းကနေ သုံးသန်းကြားရှိပါ တယ်။ သေဆုံးသူအများစုက အာဖရိကတိုက် ဆာဟာရ ဒေသငယ်အတွင်းက ကလေးငယ်တွေဖြစ်ပါတယ်။ အာဖရိကတိုက် ဆာဟာရဒေသမှာ ငှက်ဖျားရောဂါ ကြောင့် သေဆုံးသူ ၉ဝ ရာခိုင်နှုန်းရှိပါတယ်။
ခြင်ကိုက်ပြီး ကူးစက်တဲ့ပလပ်စမိုးဒီးယမ်းကပ်ပါး မျိုးစေ့ငါးခုကြောင့် ငှက်ဖျားရောဂါဖြစ်ပွားပါတယ်။ အပြင်းထန် ဆုံးငှက်ဖျားရောဂါက ပလပ်စမိုးဒီးယမ်း ဖယ်စီပါရမ်ကြောင့်ဖြစ်ပွားပါတယ်။ ပလပ်စမိုးဒီးယမ်း ဗိုင်းရပ်စ်၊ ပလပ်စမိုးဒီးရမ်းအိုဗေးနဲ့ ပလပ်စမိုးဒီးယမ်း မလေးဒီးယားတို့က ငှက်ဖျားရောဂါအပျော့စားဖြစ်စေ နိုင်ပေမယ့် လူကိုသေစေလောက်တဲ့အထိ မဖြစ်နိုင် ပါဘူး။ ငါးခုမြောက်မျိုးစိတ်ဖြစ်တဲ့ ပလပ်စမိုးဒီးယမ်း နိုလပ်စီက တိရစ္ဆာန်ကနေ လူကိုကူးစက်တဲ့မျိုးစိတ် ဖြစ်တဲ့အတွက် မျောက်တွေမှာ ငှက်ဖျားရောဂါဖြစ်စေပြီး လူကိုပါကူးစက်နိုင်ပါတယ်။ ငှက်ဖျားရောဂါက သဘာဝအားဖြင့် Anopheles ခြင်အမကိုက်ပြီး ရောဂါရခြင်းဖြစ်ပါတယ်။ ငှက်ဖျားရောဂါရှိသူကို ခြင်ကိုက်တဲ့အခါ ခြင်စုပ်ယူလိုက်တဲ့သွေးပမာဏ အနည်းငယ်မှာ ငှက်ဖျားကပ်ပါးပိုး ပါရှိသွားပါတယ်။
အဲဒီရောဂါပိုးကခြင်မှာ ဆက်လက်ကြီးထွားနေပြီး နောက်တစ်ပတ်အကြာ တခြားရောဂါမရှိသူကို ကိုက်လိုက်တဲ့အခါ ခြင်ရဲ့တံတွေးကနေတစ်ဆင့် ရောဂါပိုး ဝင်ရောက်သွားပါတယ်။ ဝင်ရောက်ပြီး နှစ်ပတ်ကနေလပေါင်းများစွာ (တစ်ခါတစ်ရံ နှစ်များစွာ) ကြာမှ လူရဲ့အသည်းမှာနေထိုင်ပြီး ငှက်ဖျားရောဂါကပ်ပါးပိုး က လူရဲ့သွေးနီဥတွေအတွင်း စတင်အကောင်ရေ ပွားများလာပါတယ်။ အဲဒီလိုပွားများလာခြင်းကြောင့် ဖျားနာခြင်းနဲ့ခေါင်းကိုက်ခြင်း စတဲ့ရောဂါလက္ခဏာ တွေဖြစ်လာပါတယ်။ ဆေးဝါးသေချာမကုသရင် အခြေအနေဆိုးရွားလာပြီး ဦးနှောက်ကို ငှက်ဖျားပိုး ရောက်ရှိပြီး မေ့မြောခြင်းနဲ့ သေဆုံးတဲ့အထိဖြစ်နိုင်ပါ တယ်။
အထက်ပါလေ့လာတွေ့ရှိချက်တွေကြောင့် ငှက်ဖျားရောဂါက စိမ့်စမ်းရေသောက်လို့ရလာတဲ့ရောဂါ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာကြာမှ ဦးနှောက်ကို ငှက်ဖျားပိုးရောက်ပြီး တစ်ကျော့ပြန်ငှက်ဖျားရောဂါဖြစ်စေနိုင်တာကြောင့် ရခိုင်ငှက်ပျောသီး၊ တောငှက် ပျောသီးတွေစားမိချိန်နဲ့ တိုက်ဆိုင်ရင် အထင်လွဲ မှားစေနိုင်ပါတယ်။ ငှက်ဖျားရောဂါမှာ တိုင်းရင်းဆေး ပညာအလိုအရ ချမ်းတုန်ပြီး တက်ဖျား၊ ကျဖျားတဲ့ ရောဂါမျိုးဖြစ်ပါတယ်။ ပူပြီး ဖျားခြင်းနဲ့ အေးပြီးဖျားခြင်းနှစ်မျိုးစလုံး တစ်ပြိုင်တည်းဖြစ်တတ်တဲ့ အဖျားမျိုးဖြစ်ပါတယ်။ အဖျားဆေး၊ ကိုယ်ပူကျဆေးတွေအပြင် မန်းဆေး၊ ငန်းဆေးတွေပါပေးပြီး ကုသရတဲ့အဖျားမျိုးဖြစ်ပါတယ်။
ငှက်ဖျားဆေးနည်းများ
၁။ အဖျားတက်ချိန်မှာ ငရုတ်ကောင်းကိုးစေ့ကို တစ်စေ့ချင်း ရေနဲ့မျိုချပါ။
၂။ ရှမ်းဆေးခါးခေါ် ဆေးခါးကြီးပြုတ်ရည်ကို အကြမ်းပန်းကန်တစ်လုံးစာ တစ်နေ့နှစ်ကြိမ် နံနက်၊ ည ၁၄ ရက်သောက်ပါ။
၃။ ကြက်အမြစ်ကို ခွေးတောက်ရွက်နဲ့ကြော်စားပါ။
၄။ ဝက်ဝံသည်းခြေကို ရှိန်းခိုနဲ့ရောပြီး ရွေးစေ့ခန့် လုံး၍ အခြောက်လှန်းပြီး အရက်နဲ့သောက်ပေးရင် ငှက်ဖျားရောဂါပျောက်ကင်းစေပါတယ်။
၅။ စပါးကြီးသည်းခြေကို အရက်နဲ့စိမ်ပြီး နေ့စဉ် အကြမ်းပန်းကန်တစ်လုံးစာသောက်ပေးရင် နှစ်ရှည်ဖြစ်ခဲ့တဲ့ ငှက်ဖျားရောဂါပျောက်ကင်းစေပါတယ်။
၆။ ဝက်ဝံသည်းခြေကို ပျားရည်နဲ့စိမ်ပြီး ဟင်းစား ဇွန်းတစ်ဇွန်းစာ နံနက်၊ ည နှစ်ကြိမ်ပုံမှန်သောက်ပေး ရင် ပျောက်ကင်းစေပါတယ်။
၇။ ဗေဒါပင်ကိုနုပ်နုပ်စဉ်းပြီး ဝက်သားနဲ့ချက် စားရင် ငှက်ဖျားရောဂါပျောက်ကင်းပါတယ်။
၈။ ကြက်သားဟင်းထဲ ရှိန်းခိုထည့်ချက်စားပါ။
၉။ မဲဒီးတုပ်ခေါ် ဒေါနရွှေဝါပင်ကို ထန်းလျက်နဲ့ ကျိုသောက်ရင် ငှက်ဖျားရောဂါပျောက်ကင်းစေတယ်။ ၁ဝ။ သဲသောင်ခုံပေါ်မှာပေါက်တဲ့ ဟင်းဂလာ အရိုင်းပင် ကို သုံးခွက်တစ်ခွက်တင်ကျိုသောက်ရင်ချမ်းတုန်ပြီး ဖျားတဲ့ငှက်ဖျားရောဂါ ပျောက်ကင်းစေနိုင်ပါတယ်။
၁၁။ ရဲယိုသီးအမှည့်ကို ထန်းဖိုထန်းလျက်(ထန်း လျက်အမည်း)နဲ့ ယိုထိုးစားပါ။
၁၂။ ဂုံခါးကို အမှုန့်ပြုလုပ်ပြီး ထမင်းစားပြီးတိုင်း အနည်းငယ်လျက်ပေးပါ။
၁၃။ ရှိန်းခိုကို လက်တစ်ဆစ်ခန့် နေ့စဉ် ဝါးစားပေးခြင်းဖြင့် ရိုးမငှက်ခေါ် တောတောင်မှရရှိတဲ့ငှက်ဖျား မျိုးကို ပျောက်ကင်းစေနိုင်ပါတယ်။
၁၄။ စပါးလင်အမြစ်ကိုထုထောင်းပြီး ရရှိတဲ့ အရည်ကို အရက်နဲ့ရောပြီး သောက်သုံးရင် ချမ်း တုန်ဖျား၊ ငှက်ဖျားရောဂါတွေ ပျောက်ကင်းစေနိုင် ပါတယ်။
ဆရာကြီးခင်ဗျာ။ ကျွန်တော်က အသက် ၄ဝ ကျော် အရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးပါ။ မကြာခဏ ခရီးသွားရပါတယ်။ အိမ်မှာ အစားအသောက်စား ရင် ဘာမှမဖြစ်ဘဲ ခရီးသွားတဲ့အခါ ပြင်ပအစား အသောက်တွေစားမိတဲ့အခါ ဝမ်းဖောဝမ်းရောင်ဖြစ် ပြီး လေနဲ့ဝမ်းမကွဲသလိုဖြစ်ပါတယ်။ အထူးသဖြင့်အပူအစပ်တွေစားမိရင် ဗိုက်နာပြီး လေနဲ့ဝမ်းမကွဲဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုဆင်ခြင်နေထိုင်ရမယ်၊ ဘာဆေးတွေစားရမယ်ဆိုတာ ညွှန်ပြပေးပါဆရာ။
အစာအိမ်မှာ အချဉ်ပေါက်တဲ့ရောဂါအခံရှိနေလို့ပါ။ အထူးသဖြင့် အပူအစပ်၊ လက်လုပ်ချဉ်တွေ ရှောင် ကြဉ်ရပါမယ်။ အစားအသောက်ကို ပူပူနွေးနွေးစားရင် အစာအိမ်အချဉ်ပေါက်ခြင်းမှ ကာကွယ်ပါတယ်။ အစား စားနေတဲ့အချိန် အအေးသောက်တာ၊ ရေခဲရေသောက် တာမလုပ်ပါနဲ့။ ရေနွေး သို့မဟုတ် ရေနွေးကြမ်း သောက်ပြီး ထမင်းစားပေးပါ။ လမ်းခရီးမှာ အစား အသောက်စားရင် သန့်ရှင်းမှုအလွန်နည်းတဲ့အတွက် မိမိအိမ်ကအစားအသောက်ကို ထည့်ယူသွားတာ ပိုကောင်းပါတယ်။ ညအိပ်ညနေခရီးဖြစ်လို့ ယူသွားဖို့ အဆင်မပြေရင် စားတဲ့အချိန်ကျမှ ချက်ချင်းကြော် လှော်ချက်ပြုတ်ပေးတဲ့ဆိုင်မျိုးမှာစားပါ။ အစာကို ပူပူနွေးနွေးစားပါ။ အစပ်၊ အချဉ်တွေရှောင်ပါ။ စားနေကျမဟုတ်တဲ့ အစားအစာမျိုးကို မစားပါနဲ့။ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်တတ်ပါတယ်။ အစာမသန့်တဲ့အခါ အစာအိမ်အချဉ်ပေါက်လို့ လေနဲ့ဝမ်းမကွဲတာ၊ ဝမ်းကိုက်ပိုး၊ ဝမ်းလျှောရောဂါပိုးတွေ ပါလို့ ဗိုက်နာတာ နှစ်မျိုးစလုံးဖြစ်နိုင်ပါတယ်။ လေနဲ့ဝမ်းမကွဲလို့ ဗိုက်နာတဲ့အခါ အရေးပေါ်အဖြစ် အောက်ပါနည်းလမ်းတွေ ကိုအသုံးပြုနိုင်ပါတယ်။
၁။ ရေနွေးကြမ်းအဖန်ရည် မတ်ခွက်တစ်လုံးစာထဲကို သကြားဟင်းစားဇွန်းသုံးဇွန်း၊ ဆားလှော်ကော်ဖီ ဇွန်းသေးတစ်ဇွန်းရောစပ်ပြီးသောက်ပါ။
၂။ ကောက်ညှင်းဆန်ကို ဆားအနည်းငယ်ရောပြီး နီအောင်လှော်ပါ။ လှော်ထားတဲ့ ကောက်ညှင်းဆန်ကို ထောင်းပြီး ရေအေးနဲ့စိမ်ထားပါ။ အနည်ထိုင်သွားရင် အပေါ်ရည်ကြည်ကိုခပ်ယူပြီး ရေငတ်တိုင်းသောက်ပေးပါ။ ရှေးဆေးကျမ်းများလာ ရေငတ်ဝမ်းကျ(ခေါ်) အပူဝမ်းပျက်ရောဂါကို သက်သာပျောက်ကင်းစေတဲ့ နည်းဖြစ်ပါတယ်။
၃။ လေဝမ်းမကွဲ ဝမ်းဗိုက်ရစ်နာ၊ ဗိုက်ထဲမှာ လှိုင်း ထပြီး ရစ်တဲ့အနာဖြစ်ရင် ရှေးနည်းဖြစ်တဲ့ မီးဖိုချောင် မှာမှောက်ထားတဲ့ ကျပ်ခိုးစွဲနေတဲ့မြေအိုးထဲမှာ နနွင်းမှုန့်နဲ့ဆားကိုထည့်ပြီး မီးအပူပေးလှော်ထားပါ။ အဲဒီနနွင်းနဲ့ဆားလှော်ကို ရေနွေးနဲ့ထည့်ဖျော်ပြီး သောက်ရင် ဝမ်းဗိုက်နာရောဂါကို ပျောက်ကင်းစေနိုင်ပါတယ်။
၄။ လေဝမ်းမကွဲ ဝမ်းဗိုက်ရစ်နာနေသူကို သရက်သီးစေ့အတွင်းက အဆန်ကိုကြိတ်ပြီး သကြားအနည်းငယ်ထည့်၊ ဆားအနည်းငယ်ရောပြီးကျွေးပါ။
၅။ ပိန္နဲသီးအစေ့ကို ဆားအနည်းငယ်နဲ့ရောပြုတ်ပြီး ရလာတဲ့အရည်ကိုတိုက်ပေးရင် လေနဲ့ဝမ်းမကွဲတာကို ပျောက်ကင်းစေနိုင်ပါတယ်။
၆။ ဝမ်းလျှောတာအကြိမ်များပြီး ကြွက်တက်ရင် ငှက်ပျောပင်ရဲ့အူတိုင်ကို အရည်ညှစ်ယူပြီး ဆား လှော်အနည်းငယ် ရောစပ်တိုက်ပေးပါ။
၇။ သကြား၊ ဆားလှော်နဲ့ နနွင်းတို့ကို ရေနွေးဆူဆူမှာ ထည့်ဖျော်ပြီးတိုက်ရင် ဝမ်းလျှောကြွက်တက် တဲ့ရောဂါကို သက်သာစေပါတယ်။
၈။ ဝမ်းပျက်ပြီးနောက် ဝမ်းကိုက်ရောဂါဖြစ်ပြီး ဝမ်းထဲမှာ သွေးစပါရင် မာလကာရွက်ကို သကြား၊ ဆား သင့်ရုံရောပြုတ်ပြီး တိုက်ကျွေးပေးပါ။
MWD
