မဟာသင်္ကြန်

Posted_Date

Image

မဟာသင်္ကြန်

Body

‘သင်္ကြန်’ဟူသည် သက္ကတဘာသာ ‘သင်္ကရန္တိ’မှ ဆင်းသက်လာခြင်းဖြစ်ပြီး ‘ကူးပြောင်းခြင်း’ ဟု အဓိပ္ပာယ်ရသည်။ သက္ကရာဇ် ဦးခေါင်းပြောင်းခြင်း၊ နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းခြင်း၊ တနင်္ဂနွေဂြိုဟ်(နေမင်း) မိန်ရာသီအဆုံးမှ မိဿရာသီအစသို့ ကူးပြောင်းခြင်း စသည်ဖြင့် သင်္ကြန်၏အဓိပ္ပာယ် ဖွင့်ဆိုနိုင်သည်။

နေသည် ကောင်းကင်ရှိ မိဿရာသီအစမှတ်မှ နေပတ်လမ်းကြောင်းတစ်လျှောက် ၁၂ ရာသီစက်ကို ၃၆၀ ဒီဂရီ တစ်ပတ်အပြည့်လှည့်ပတ်ရာကာလသည် တစ်နှစ်ပြည့်ချိန်ပင်ဖြစ်သည်။ သူရိယသိဒ္ဓန္တကျမ်းအရ ၃၆၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၇ စက္ကန့်ခန့်တွင် နေသည် ရာသီစက်ကို ပျမ်းမျှနေသွားနှုန်းအားဖြင့် တစ်ပတ်ပတ်မိသည်။ မြန်မာပြက္ခဒိန်တွင် ယမန်နှစ် မဟာသင်္ကြန်အတက်နေ့ အတာတက်ချိန်မှ ယခုနှစ် မဟာသင်္ကြန်အတက်နေ့ အတာတက်ချိန် အကြား ၃၆၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၇ စက္ကန့်ခန့် အစဉ်အမြဲကွာခြားသည်။

စင်စစ်အားဖြင့် နေသည် နာရီစက္ကန့်လက်တံကဲ့သို့ တချပ်ချပ်နှင့် ၁၂ ရာသီစက်ကို ပျမ်းမျှအသွား နှုန်းအတိုင်း ပုံသေသွားနေသည်မဟုတ်။ ရာသီစက်ဝန်း၏ အချို့နေရာများတွင် ပျမ်းမျှအသွားနှုန်း ထက်ပို၍လျင်မြန်စွာသွားပြီး အချို့နေရာများတွင် ပျမ်းမျှနှုန်းထက် ပို၍နှေးသွားသည်။ မဟာသင်္ကြန် အတက်နေ့အတာတက်ချိန်တွင်နေသည် ပျမ်းမျှနှုန်းအားဖြင့် မိန်ရာသီအဆုံးမှ မိဿရာသီအစသို့ ကူးပြောင်းသည်မှန်သော်လည်း ကောင်းကင်တွင် လက်တွေ့မျက်မြင်အားဖြင့် ကူးပြောင်းသောနေ့နှင့် အချိန်မှာ မဟာသင်္ကြန်အကျနေ့ သင်္ကြန်ကျချိန်ဖြစ်သည်။

တစ်နည်းဆိုသော် မဟာသင်္ကြန်အကျနေ့ သင်္ကြန်ကျချိန်တွင် နေသည်ကောင်းကင်ရှိ မိဿရာသီဦး အမှတ်နေရာသို့ ကူးပြောင်းရောက်ရှိလာခြင်းဖြစ်သည်။ ယနေ့ကာလတွင် မဟာသင်္ကြန်အကျနေ့ သင်္ကြန်ကျချိန်မှ မဟာသင်္ကြန်အတက်နေ့ အတာတက်ချိန်အကြား ၂ ရက် ၄ နာရီ ၄ မိနစ်နှင့် ၄၁ စက္ကန့်ခန့်ကွာခြားသည်။ တစ်နည်းဆိုသော် ကောင်းကင်တွင် နေသည် မိဿရာသီအစမှတ်သို့ အမှန်တကယ်ရောက်ရှိချိန်သည် ပျမ်းမျှနေရောက် ချိန်ထက် ၂ ရက် ၄ နာရီ ၄ မိနစ်နှင့် ၄၁ စက္ကန့်ခန့်စောကြောင်း သိရှိနိုင်သည်။

အခြားသောပြက္ခဒိန်များတွင် ကောင်းကင်တွင်နေသည် မိဿရာသီအစမှတ်သို့ အမှန်တကယ် ရောက်ရှိချိန်တွင် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကူးကြသော်လည်း မြန်မာပြက္ခဒိန်တွင်မူ သင်္ကြန်အကျနေ့အဖြစ်သာ သတ်မှတ်သုံးစွဲကြသည်။ နေမင်းပျမ်းမျှအသွားနှုန်းအရ မိဿရာသီအစမှတ်သို့ ရောက်ရှိချိန် (မဟာသင်္ကြန်အတက်နေ့ အတာတက်ချိန်)အပြီး နောက်တစ်ရက်မှသာ နှစ်သစ်သို့ရောက်ရှိခြင်းသည်လည်း မြန်မာတို့၏ ကိုယ်ပိုင်နှစ်သစ်ကူးပြောင်းပုံ ယဉ်ကျေးမှုပင်ဖြစ်သည်။

မဟာသင်္ကြန်အကျနေ့ သင်္ကြန်ကျချိန်နှင့် အတက်နေ့အတာတက်ချိန်တို့အကြား ၂ ရက် ၄ နာရီ ၄ မိနစ်နှင့် ၄၁ စက္ကန့်ခန့် ကွာခြားသည်ဖြစ်ရာ သင်္ကြန်ကျချိန်ပေါ်မူတည်၍ အကြတ်ရက် ၁ ရက် သို့မဟုတ် ၂ ရက်ဖြစ်နိုင်သည်။ မဟာသင်္ကြန်ကျချိန်သည် မြန်မာစံတော်ချိန် ည ၇ နာရီ ၅၅ မိနစ် ၂၀ စက္ကန့်နှင့် ည ၁၂ နာရီအကြားဖြစ်လျှင် သင်္ကြန်အကြတ် ၂ ရက်ဖြစ်ပေါ်သည်။ သို့ဖြစ်၍ သင်္ကြန်အကြတ် ၂ ရက်ဖြစ်ခြင်းသည် ဝါထပ်ခြင်း၊ ရက်ငင်ခြင်းတို့ကြောင့်မဟုတ်ဘဲ သင်္ကြန်ကျချိန်နှင့်သာ သက်ဆိုင်ကြောင်း မှတ်သားရမည်ဖြစ်သည်။

မဟာသင်္ကြန်ကာလများဖြစ်သည့် သင်္ကြန်အကျနေ့ရက်၊ သင်္ကြန်အကြတ်နေ့ရက်နှင့် သင်္ကြန်အတက်နေ့ရက်တို့သည် နှစ်ဟောင်း၏ အဆုံးနေ့ရက်များဖြစ်ကြ၍ သက္ကရာဇ်ဟောင်းနှင့်သာ တွဲဖက်၍သုံးစွဲကြသည်။ နှစ်ဆန်း(၁)ရက်နေ့သည် နှစ်သစ်၏ အဦးအစရက်ဖြစ်သောကြောင့် သက္ကရာဇ်သစ်နှင့် တွဲဖက်သုံးစွဲသည်။ ထို့အပြင် တန်ခူး သို့မဟုတ် ကဆုန်လသည် နှစ်ဆန်း(၁)ရက်မတိုင်မီဖြစ်ပါက နှောင်းတန်ခူး သို့မဟုတ် နှောင်းကဆုန်လအဖြစ်ရေးကြသည်။ တစ်ဖန် နှစ်ဆန်း(၁)ရက်မှစ၍ ဦးတန်ခူး သို့မဟုတ် ဦးကဆုန်ဟု ရေးသည်။

ဥပမာအားဖြင့် ခရစ် ၂၀၂၆ ဧပြီ ၁၆ ရက် ကြာသပတေးနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် နှောင်းကဆုန်လဆန်း(၁)ရက် မဟာသင်္ကြန်အတက်နေ့ဖြစ်သည်။ ခရစ် ၂၀၂၆ ဧပြီ ၁၇ ရက် သောကြာနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ဦးကဆုန်လဆန်း (၂)ရက် နှစ်ဆန်း(၁)ရက်နေ့ဖြစ်သည်။

‘အတာ’သည် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းချိန်ကို ခေါ်ဆိုသည်ဖြစ်ရာ ၁၃၈၇ ခုနှစ် အတာသင်္ကြန်သည် ၁၃၈၇ ခုနှစ် နှစ်ဟောင်းကုန်ဆုံး၍ ၁၃၈၈ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းသောကာလဟု အဓိပ္ပာယ်ဖွင့်ဆိုကြရမည်ဖြစ်ပါသည်။ ။

moi