ခရစ္စတီရာနို ရော်နယ်ဒိုသည် ဘောလုံးအားကစားသမားများထဲ၌ ပထမဆုံး ဘီလီယံနာ ဖြစ်လာ

News Image

  • ခရစ္စတီရာနို ရော်နယ်ဒိုသည် ဘောလုံးအားကစားသမားများထဲ၌ ပထမဆုံး ဘီလီယံနာ ဖြစ်လာ

ပေါ်တူဂီလူမျိုး တိုက်စစ်မှူး ခရစ္စတီရာနို ရော်နယ်ဒိုသည် ဘလွန်း ဘတ်ဂ်၏ တွက်ချက်မှုများအရ ဘောလုံးသမားများထဲမှ ပထမဆုံး ဘီလီယံနာ ဖြစ်လာခဲ့သည်။

အသက် ၄၀ ရှိပြီဖြစ်သော အဆိုပါအားကစားသမား၏ ပိုင်ဆိုင်မှု တန်ဖိုး သည် ဒေါ်လာ ၁.၄ ဘီလီယံအထိရှိလာပြီး ဘလွန်းဘတ်ဂ်၏ ဘီလီယံနာ များ ညွှန်းကိန်း (Bloomberg Billionaires Index) ထဲသို့ ဝင်ရောက် လာကြောင်း အောက်တိုဘာ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဆော်ဒီအာရေဗျ ကလပ်အသင်း Al-Nassr နှင့် ဒေါ်လာ သန်း ၄၀၀ ကျော် တန်ဖိုးရှိသည့် နှစ်နှစ်သက်တမ်း စာချုပ်သစ်ကို လက်မှတ်ရေးထိုး ပြီးနောက် ရော်နယ်ဒို၏ ချမ်းသာကြွယ်ဝမှုသည် သိသိသာသာ မြင့်တက် လာခဲ့သည်။

၎င်း၏ အားကစားသမားသက်တမ်းတစ်လျှောက်တွင် ပေါ်တူဂီကြယ်ပွင့် သည် မန်ချက်စတာ ယူနိုက်တက်နှင့် ရီးယဲလ်မက်ဒရစ်အပါအဝင် ဥရောပ ၏အထင်ကရ ကလပ်အသင်းကြီးများတွင် ကစားခဲ့ပြီး UEFA ချန်ပီယံလိဂ်လား ငါးကြိမ်အပါအဝင် အခြားဆုဖလားပေါင်းများစွာ ရရှိခဲ့သူ ဖြစ်သည်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ဆုကိုလည်း ငါးကြိမ် အထိ ရရှိခဲ့သည်။

၂၀၂၃ ခုနှစ်တွင် Al-Nassr သို့ မထင်မှတ်ဘဲ ပြောင်းရွှေ့ခဲ့ခြင်းဖြင့် ရော်နယ်ဒိုသည် နှစ်စဉ် ဒေါ်လာ သန်း ၂၀၀ ခန့် ဝင်ငွေရရှိခဲ့ပြီး ကာလ ရှည်ပြိုင်ဘက် အာဂျင်တီးနားလူမျိုး လီယွန်နယ်မက်ဆီထက် ဝင်ငွေပိုမို ရရှိသူ ဖြစ်လာခဲ့သည်။ အခြားစပွန်ဆာ စာချုပ်များနှင့် စီးပွားရေး လုပ်ငန်း များမှလည်း ဒေါ်လာသန်းပေါင်းများစွာ ဝင်ငွေရရှိနေသူဖြစ်သည်။

ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ၂၂ နှစ်တာ စွမ်းဆောင်ခဲ့မှုအတွက် မကြာသေးမီက ဂုဏ်ပြုခံခဲ့ရသည့် အခမ်းအနားတွင် ၎င်းသည် ကစား သမားဘဝမှ အနားယူရန် မရှိသေးကြောင်း၊ ဂိုး ၁,၀၀၀ ပြည့်မီအောင် ဆက်လက်ကြိုးစားသွားဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂