လာမည့်ရာသီတွင် လိဂ်ချန်ပီယံနှစ်သင်းဖြစ်သည့် ရှမ်းယူနိုက်တက်အမျိုးသားအသင်းနှင့် ဧရာဝတီအမျိုးသမီးအသင်း ပြည်ပပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့်ရမည်
ရန်ကုန် ဧပြီ ၂
ကျင်းပပြီးစီးခဲ့သည့် ၂၀၂၅-၂၀၂၆ ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ရှမ်းယူနိုက်တက်အသင်းနှင့် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ဧရာဝတီအသင်းတို့သည် လာမည့်ရာသီ ပြည်ပကလပ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည် အမှတ်ပေးချန်ပီယံဖြစ်ခဲ့သောကြောင့် လာမည့်ရာသီတွင် နိုင်ငံတကာပြိုင်ပွဲနှစ်ခု ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အာဆီယံဘောလုံးအဖွဲ့ချုပ်က စီစဉ်ကျင်းပမည့် အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲနှင့် အာရှဘောလုံးအဖွဲ့ချုပ်က စီစဉ်ကျင်းပမည့် AFC Challenge League ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို နှစ်ပေါင်း ၂၀ ဝန်းကျင်အကြာတွင် ပြန်လည်ကျင်းပခြင်းဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းအနေဖြင့် လာမည့်ရာသီတွင် သုံးကြိမ်ဆက်တိုက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ထို့ပြင် အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၄-၂၀၂၅ ရာသီမှစတင်ကာ ကလပ်ပြိုင်ပွဲကျင်းပသည့်ပုံစံ ပြောင်းလဲပြီး မြန်မာကလပ်အသင်းများသည် AFC Challenge League ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ AFC Challenge League ပြိုင်ပွဲ၏ ၂၀၂၄-၂၀၂၅ ရာသီတွင် ရှမ်းယူနိုက်တက်အသင်း၊ ၂၀၂၅-၂၀၂၆ ရာသီတွင် ရှမ်းယူနိုက်တက်အသင်းက အုပ်စုအဆင့်၊ ရန်ကုန်ယူနိုက်တက်အသင်းက ခြေစစ်ပွဲအဆင့်မှ ယှဉ်ပြိုင်ခွင့်ရကာ ရှမ်းယူနိုက်တက်အသင်းသည် လာမည့်ရာသီတွင် ထပ်မံယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပြည်တွင်းပြိုင်ပွဲများတွင် စံချိန်တင် အောင် မြင်မှုများစွာရထားသော်လည်း ပြည်ပပြိုင်ပွဲများတွင် အောင်မြင်မှုမရသေးသဖြင့် လာမည့်ရာသီတွင် လုံလောက်သည့် ပြင်ဆင်မှုများစွာပြုလုပ်ရန် လိုအပ်နေသည်။
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ဧရာဝတီအသင်းသည် လာမည့်ရာသီတွင် အာရှဘောလုံးအဖွဲ့ချုပ်က စီစဉ်ကျင်းပမည့် အာရှအမျိုးသမီး ချန်ပီယံလိဂ်ခြေစစ်ပွဲယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဧရာဝတီအသင်းသည် ပြည်တွင်းလိဂ်ဖြစ်သော မြန်မာအမျိုးသမီးလိဂ်တွင် ပထမဆုံး ဗိုလ်စွဲခဲ့သလို အာရှအမျိုးသမီး ချန်ပီယံလိဂ်တွင်လည်း ပထမဆုံးယှဉ်ပြိုင်ရမည်ဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-စိုးညွန့်သော်
MDN
