အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ NUG နှင့် ယင်းတို့ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအား ပျက်ပြားစေရန်၊ ပြည်သူလူထုများကို စိုးရိမ်ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေပြီး ၎င်းတို့အား ထောက်ခံလာစေရန် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် သတ်ဖြတ်လုယက်မှုများကို ကျူးလွန်လုပ် ဆောင်လျက်ရှိပါသည်။
ထိုသို့လုပ်ဆောင်နေမှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်၍ ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန် အထူးလို အပ်ကြောင်းနှင့် အကြမ်းဖက်မှုများအား ဖော်ထုတ်အရေးယူနိုင်ခဲ့မှုများတွင် ပါဝင်ကူညီ ခဲ့ကြသည့် တာဝန်သိပြည်သူများအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးလျက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၄ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၄)ရပ်ကွက်ရှိ “ရွှေစင်အကယ်ဒမီ” ရွှေဆိုင်သို့ ရန်ကုန် တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်နေ ခိုင်ဇော်လတ်(ခ)ကိုရိုး(၄၇)နှစ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၀၆)ရပ်ကွက်နေ ဇော်လင်း(ခ) ဇော်ကြီး(ခ)ကိုဇော်(၄၁)နှစ်တို့ ရောက်ရှိလာပြီး ဆိုင်အတွင်း ဝင်ရောက်ကာ သေနတ်ပြခြိမ်းခြောက်၍ လုယက်မှုကျူးလွန်စဉ် တာဝန်သိပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ တရားခံ ခိုင်ဇော်လတ် အား လက်လုပ်ပစ္စတိုသေနတ် တစ်လက်၊ ကျည်အိမ် တစ်ခု၊ LUGER အမျိုးအစား ကျည် လေးတောင့်၊ THAI ARMS ကျည် တစ်တောင့်၊ 9 MM ကျည် နှစ်တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားသူ တရားခံ ဇော်လင်း အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ၎င်း၏နေအိမ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ခဲ့သည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်လုယက်မှု ကျူးလွန်သူ တရားခံများအား ဝိုင်းဝန်း ဖမ်းဆီးပေးခဲ့သည့် တာဝန်သိပြည်သူ ခြောက်ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဂုဏ်ပြုဆုငွေများ ပြန်လည်ချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် အကြမ်းဖက်မှုများ ကင်းစင်ပပျောက်စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည့် လုံခြုံ ရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA
