မက္ကဆီကိုတွင် အကြမ်းဖက်မှုများဖြစ်ပွားနေသော်လည်း ကမ္ဘာ့ဖလား ကျင်းပရေးအတွက် စိတ်အေးရကြောင်း ဖီဖာဥက္ကဋ္ဌ အာမခံ

News Image

  • မက္ကဆီကိုတွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေသော်လည်း ကမ္ဘာ့ဖလား ကျင်းပရေးအတွက် စိတ်အေးရကြောင်း ဖီဖာဥက္ကဋ္ဌ အာမခံ

မက္ကဆီကိုနိုင်ငံအတွင်း အင်အားကြီးမားသော မူးယစ်ဂိုဏ်းခေါင်းဆောင် သုတ်သင်ခံရမှုကြောင့် အကြမ်းဖက်မှုများမြင့်တက်နေသော်လည်း လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်အပေါ်  ဖီဖာ (FIFA) ဥက္ကဋ္ဌ Gianni Infantino က အပြည့်အဝ ယုံကြည်မှုရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

မက္ကဆီကိုနိုင်ငံ၏ သြဇာအရှိဆုံး Jalisco New Generation Cartel (CJNG) ဂိုဏ်းခေါင်းဆောင် Nemesio "El Mencho" Oseguera ကို စစ်တပ်ကစီးနင်းသတ်ဖြတ်ခဲ့ပြီးနောက် ဂိုဏ်းဝင်များက အိမ်ရှင်မြို့ဖြစ်သော Guadalajara အပါအဝင် ပြည်နယ် ၂၀ ခန့်တွင် လမ်းမများကို ပိတ်ဆို့ကာ မော်တော်ယာဉ်နှင့် စီးပွားရေးလုပ်ငန်းများကို မီးရှို့ဖျက်ဆီးခြင်းဖြင့် တုံ့ပြန်ခဲ့ကြသည်။ အဆိုပါ ပဋိပက္ခများအတွင်း အနည်းဆုံး လူ ၇၄ ဦး သေဆုံးခဲ့ပြီး ဒေသခံများနှင့် ကမ္ဘာလှည့်ခရီးသွားများအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ရန် ၄ လခန့်သာ လိုတော့သည့်အချိန်တွင် ဖြစ်ပွားခဲ့သော ယခုဖြစ်ရပ်အပေါ် ဖီဖာဥက္ကဋ္ဌက "စိတ်ချရပါသည် ၊ အားလုံး အဆင်ပြေသွားမှာဖြစ်ပြီး ပွဲကတော့ ခမ်းနားထည်ဝါနေမှာပါ" ဟု ကိုလံဘီယာနိုင်ငံတွင်ပြုလုပ်ခဲ့သည့် အခမ်းအနားတစ်ခု၌ မှတ်ချက်ပေးခဲ့သည်။ ထို့အတူ မက္ကဆီကိုသမ္မတ Claudia Sheinbaum ကလည်း ဘောလုံးပရိသတ်များအတွက် အန္တရာယ်မရှိကြောင်းနှင့် အခြေအနေများကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

အကြမ်းဖက်မှုများကြောင့် အိမ်ရှင်မြို့အဖြစ်မှ ပယ်ဖျက်ခံရနိုင်သည်ဟူသော ကောလာဟလများကို Jalisco ပြည်နယ်အုပ်ချုပ်ရေးမှူးက ပယ်ချခဲ့ပြီး Guadalajara မြို့တွင် အုပ်စုအဆင့်ပွဲစဉ် ၄ ပွဲနှင့် အရေးပါသော Playoff ပွဲစဉ်များကို ဆက်လက်လက်ခံကျင်းပသွားမည်ဖြစ်သည်။ အခြားအိမ်ရှင်မြို့များဖြစ်သော Mexico City နှင့် Monterrey တို့မှာမူ လက်ရှိ မငြိမ်မသက်မှုများ၏သက်ရောက်မှုကို မခံစားရကြောင်း သိရှိရသည်။

အကြမ်းဖက်မှုများ၏ နောက်ဆက်တွဲကြောင့် ဂျပန်ကားကုမ္ပဏီ Honda က Guadalajara ရှိ ၎င်းတို့၏ ကားတပ်ဆင်ရေးလုပ်ငန်းများကို ဖေဖော်ဝါရီ ၂၃ ရက်နေ့မှစတင်ကာ ယာယီရပ်နားထားကြောင်း ကြေညာခဲ့သည်။ မက္ကဆီကိုသည် Ford, GM, BMW နှင့် Audi ကဲ့သို့သော ကမ္ဘာကျော် ကားကုမ္ပဏီများစွာအခြေစိုက်သည့် အဓိက မော်တော်ကားထုတ်လုပ်ရေး ဗဟိုချက်လည်း ဖြစ်သည်။ အစိုးရဘက်မှ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေသဖြင့် စီးပွားရေးနှင့် ပြိုင်ပွဲပြင်ဆင်မှုများမှာလည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် ကြိုးပမ်းနေကြသည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂