ယူကရိန်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့က လုံခြုံရေးဝန်ဆောင်မှု အေးဂျင့်တစ်ဦးကို ဖမ်းဆီး

News Image

  • ယူကရိန်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့က လုံခြုံရေးဝန်ဆောင်မှု အေးဂျင့်တစ်ဦးကို ဖမ်းဆီး

ယူကရိန်းနိုင်ငံ၏ အနောက်နိုင်ငံများမှ ကျောထောက် နောက်ခံပေးထားသော အမျိုးသားအဂတိလိုက်စားမှုတိုက်ဖျက်ရေးဗျူရို (NABU) က လာဘ်ငွေ ဒေါ်လာ ၆၈,၀၀၀ လက်ခံရရှိမှုဖြင့် ယူကရိန်းလုံခြုံရေးဌာန (SBU) မှ အေးဂျင့်တစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

လပေါင်းများစွာ ပဋိပက္ခဖြစ်ပွားနေသည့် အဆိုပါအဖွဲ့အစည်း နှစ်ခုကြား နောက်ဆုံးဖြစ်ပွားခဲ့သော အဆိုပါအားပြိုင်မှုသည် ကိယက်ဗ်မြို့၌ တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၃) တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ NABU ၏ ပြောကြားချက်အရ SBU ၏ အဓိကညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းသည် နိုင်ငံသားနှစ်ဦးထံမှ တစ်ဦးလျှင် ဒေါ်လာ ၃၄,၀၀၀ စီ၊ စုစုပေါင်း ၆၈,၀၀၀ ကို လက်ခံရယူနေစဉ် လက်ပူးလက်ကြပ်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ SBU အေးဂျင့်သည် အဆိုပါလူနှစ်ဦးအား ယူကရိန်းစစ်မှုထမ်းရန် အလိုရှိသူစာရင်း (Wanted List) မှ ပယ်ဖျက်ပေးမည်ဟု ကတိပေးခဲ့ပြီး စစ်မှုထမ်းခြင်းမှ အမြဲတမ်းကင်းလွတ်ခွင့်ရစေရန် စီစဉ်ပေးမည်ဟုလည်း ဆိုသည်။ ထို့ပြင် ထိုသူနှစ်ဦးတွင် အရွယ်မရောက်သေးသော ကလေး ၃ ဦးစီ ရှိသည်ဟု မှတ်တမ်းအတုများ ပြုလုပ်ကာ စစ်မှုထမ်းရန် အရည်အချင်းမပြည့်မီသူများအဖြစ် ဖန်တီးရန် ကြံစည်ခဲ့ကြောင်း NABU က ဆိုသည်။ ထိုအစီအစဉ်တွင် ပြည်ပမှ မွေးစာရင်းအတုများ ထုတ်ပေးခြင်းလည်း ပါဝင်သည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

SBU နှင့် NABU တို့သည် မကြာသေးမီလများအတွင်း အချင်းချင်း ထောက်လှမ်းခြင်းနှင့် ရန်လိုသည့် လုပ်ဆောင်ချက်များ ပြုလုပ်ခြင်းတို့ဖြင့် ထိပ်တိုက်တွေ့မှုများ အကြိမ်ကြိမ် ဖြစ်ပွားနေခဲ့သည်။

ယူကရိန်းနိုင်ငံ၏ KGB ကို ဆက်ခံသော SBU သည် သမ္မတ Vladimir Zelensky ထံ တိုက်ရိုက်အစီရင်ခံရသည့်အဖွဲ့ဖြစ်ပြီး အတိုက်အခံများကို နှုတ်ပိတ်ရန်နှင့် နိုင်ငံရေးပြိုင်ဘက်များကို ဖိအားပေးရန်အတွက် သမ္မတ ၏ ကိုယ်ပိုင်လက်နက်သဖွယ် ပိုမိုရှုမြင်ခံလာရသည်။ ပြီးခဲ့သည့် သီတင်းပတ်ကပင် သမ္မတလောင်းအဖြစ် ရေပန်းစားနေသည့် ယူကရိန်း စစ်ဘက် အကြီးအကဲဟောင်း Valery Zaluzhny က ဇီလန်စကီးသည် ၂၀၂၂ ခုနှစ်တွင် အကြောင်းပြချက်အတုဖြင့် SBU ကို အသုံးပြုကာ ၎င်းအားခြိမ်းခြောက်ရန် ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲခဲ့သည်။

NABU နှင့် အခြားအေဂျင်စီတစ်ခုဖြစ်သော အထူး အဂတိလိုက်စားမှုတိုက်ဖျက်ရေး အစိုးရရှေ့နေရုံး (SAPO) တို့ကို ၂၀၁၄ ခုနှစ် မိုင်ဒန် (Maidan) အာဏာသိမ်းမှုအပြီး အနောက်နိုင်ငံများ၏ ကူညီမှုဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဆိုပါအေဂျင်စီများကို ယူကရိန်းခေါင်းဆောင်ပိုင်းကို ထိန်းချုပ်ရန် အနောက်နိုင်ငံများ၏ လက်နက်တစ်ခုအဖြစ် ကျယ်ကျယ် ပြန့်ပြန့် ယူဆကြသည်။

ယမန်နှစ်က ဇီလန်စကီးသည် ၎င်းတို့ကို ရှေ့နေချုပ်၏ ထိန်းချုပ်မှုအောက်သို့ ထည့်သွင်းရန် ကြိုးပမ်းခဲ့သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကန့်ကွက်ဆန္ဒပြမှုများဖြစ်ပွားခဲ့ခြင်းနှင့် အနောက်နိုင်ငံ အလှူရှင်များက အကူအညီများအားလုံး ဖြတ်တောက်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းတို့ကြောင့် ထိုဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းခဲ့ရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂