နယ်စပ်တွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံက ကမ္ဘောဒီးယားကို အပြစ်တင်

News Image

  • နယ်စပ်တွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံက ကမ္ဘောဒီးယားကို အပြစ်တင်

အင်္ဂါနေ့ (ဖေဖော်ဝါရီ ၂၄) နံနက်ပိုင်းက ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ အငြင်းပွားနေသော Si Sa Ket ခရိုင်အတွင်း နှစ်နိုင်ငံတပ်ဖွဲ့များအကြား အပြန်အလှန်ပစ်ခတ်မှုတစ်ခု ခေတ္တမျှ ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ် သည် ကမ္ဘောဒီးယားဘက်မှ ဗုံးသီးတစ်လုံး စတင်ပစ်ခတ်ခဲ့ခြင်းကြောင့်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ပြီးခဲ့သည့်ဒီဇင်ဘာလက ချုပ်ဆိုထားသော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်နေကြောင်း ထိုင်းတပ်မတော်က စွပ်စွဲလိုက်သည်။ သို့သော်လည်း ကမ္ဘောဒီးယား အစိုးရဘက်ကမူ အဆိုပါစွပ်စွဲချက်များသည် လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်သည်ဟု ပြင်းပြင်းထန်ထန် တုံ့ပြန်ငြင်းဆိုထားသည်။

ထိုင်းတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်းထိုင်း သုဝါရီ၏ ပြောကြားချက်အရ ထိုင်းကင်းလှည့်တပ်ဖွဲ့အနီးသို့ ဗုံးသီးတစ်လုံး ကျရောက်ခဲ့ပြီးနောက် မိမိကိုယ်ကို ခုခံကာကွယ်သည့်အနေဖြင့် M79 ဗုံးပစ်လောင်ချာဖြင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဖာနာ ကလောင် ပလော့ဒု ကမူ ယခုဖြစ်စဉ်သည် အသစ်လဲလှယ်ရောက်ရှိလာသော ကမ္ဘောဒီးယား စစ်သည်များ၏ နားလည်မှုလွဲမှားခြင်းကြောင့် ဖြစ်နိုင်ပြီး အခြေအနေ ပိုမိုဆိုးရွားမလာစေရန် ပြင်းထန်သော လက်တုံ့ပြန်မှုများ ပြုလုပ်မည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

နိုင်ငံရေးအရ တင်းမာမှုများလည်းရှိနေပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်းကေတော က ပြင်သစ်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ကမ္ဘောဒီးယားအရာရှိများ၏ စွပ်စွဲချက်များကို ဝေဖန်ခဲ့သည်။ အထူးသဖြင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ဝါရှင်တန် ခရီးစဉ်အတွင်း ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားပိုင်နက်ကို ကျူးကျော်ထားသည် ဟု ပြောကြားခဲ့ခြင်းအပေါ်  ထိုင်းဘက်ကစိုးရိမ်မကင်းဖြစ်ကြောင်းနှင့် အဆိုပါပြောဆိုချက်များသည် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း ထောက်ပြခဲ့သည်။

ယခုဖြစ်ပွားသော နယ်စပ်ပဋိပက္ခသည် ပြင်သစ်ကိုလိုနီခေတ်ကတည်းက အမြစ်တွယ်နေသော နယ်နိမိတ်အငြင်းပွားမှုတစ်ခုဖြစ်ပြီး လွန်ခဲ့သည့် နှစ်အတွင်းကလည်း တိုက်ပွဲများကြောင့် လူပေါင်းများစွာသေဆုံးကာ တစ်သန်းကျော်နေရပ်စွန့်ခွာခဲ့ရသည့် သမိုင်းကြောင်းရှိခဲ့သည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် ပြင်သစ်နိုင်ငံတွင် မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများအပါအဝင် ဒေသတွင်းလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကိုဆွေးနွေးခဲ့ပြီး ရှေ့လာမည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင်လည်း ဒေသတွင်းကြီးထွားလာနေသော အွန်လိုင်းလိမ်လည်မှု (Scam) ကွန်ရက်များအကြောင်းကို တင်ပြသွားရန် ပြင်ဆင်လျက်ရှိသည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂