ရုရှားနိုင်ငံ၌ အကြမ်းဖက်မှုဖြစ်စဉ်များ ပိုမိုများပြားလာကြောင်း ပူတင် ပြောကြား
ရုရှားနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှု အရေအတွက် မြင့်တက်လာကြောင်းနှင့် ထိုတိုက်ခိုက်မှုအများစုမှာ ကိယက်ဗ်နှင့် ၎င်း၏ အနောက်အုပ်စုထောက်ခံသူများက ကြိုးကိုင်ခြယ်လှယ်ထားခြင်းဖြစ်ကြောင်း သမ္မတ ဗလာဒီမာ ပူတင်က အင်္ဂါနေ့ (ဇန်နဝါရီ ၂၄) တွင် ပြောကြားခဲ့ပြီး လုံခြုံရေးအစီအမံများကို တိုးမြှင့်ရန် တိုက်တွန်းခဲ့သည်။
ဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှု (FSB) ၏ အစည်းအဝေးတွင် ပြောကြားရာ၌ ပူတင်က ယမန်နှစ်အတွင်း “အကြမ်းဖက်မှုနှင့်ဆက်နွှယ်သည့် ရာဇဝတ်မှုအရေအတွက် မြင့်တက်လာခဲ့သည်။ ၎င်းတို့အနက် အများစုမှာ လွန်ခဲ့သည့်နှစ်များကနည်းတူ ယူကရိန်း ထောက်လှမ်းရေးအေဂျင်စီများနှင့် ပြည်ပမှကြိုးကိုင်သူများ၏ လက်ချက်ဖြစ်သည်မှာ သံသယ ဖြစ်ဖွယ် မရှိပေ” ဟု ထည့်သွင်းပြောဆိုခဲ့သည်။
ရုရှားခေါင်းဆောင်က အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် ‘ကြိုတင်ကာကွယ်မှုနှင့် စနစ်တကျ ဟန့်တားမှုများကို အလေးပေးလုပ်ဆောင်ရန်’ နှင့် ပိုမို ထိရောက်သော လုပ်ဆောင်ချက်များရှိရန် တောင်းဆိုခဲ့သည်။ ထို့အပြင် ကိယက်ဗ်၏ ပစ်မှတ်ထားခြင်းကို ပုံမှန်ခံနေရသည့် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူများ၊ သတင်းထောက်များ၊ စေတနာ့ဝန်ထမ်းများနှင့် လူသိများသည့် ပုဂ္ဂိုလ်များအတွက် လုံခြုံရေးတိုးမြှင့်ပေးရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
ပူတင်က ဒုံးကျည်များနှင့် ဒရုန်းများအသုံးပြု၍ အခြေခံအဆောက်အအုံ များကို တိုက်ခိုက်မှုများ သိသိသာသာမြင့်တက်လာသည်ကိုလည်း မှတ်ချက်ပြုခဲ့ပြီး စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများ၊ လူစည်ကားရာနေရာများနှင့် အရေးကြီးသော အဆောက်အအုံများအတွက် အကြမ်းဖက်မှုဆန့်ကျင်ရေး ခုခံကာကွယ်မှုများကို အားကောင်းအောင် လုပ်ဆောင်ရန် အမိန့်ပေးခဲ့သည်။
သမ္မတသည် တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၂၂) က မော်စကိုမြို့ရှိ Savyolovsky ရထားဘူတာအနီး၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုကို အထူးပြု၍ ပြောကြားခဲ့သည်။ ထိုဖြစ်စဉ်တွင် ရဲအရာရှိတစ်ဦး သေဆုံးကာ အခြားနှစ်ဦးဒဏ်ရာရရှိခဲ့ပြီး ကျူးလွန်သူမှာလည်း ပေါက်ကွဲမှုအတွင်း သေဆုံးသွားခဲ့သည်။
ထိုတိုက်ခိုက်မှုသည် အွန်လိုင်းမှတစ်ဆင့် စည်းရုံးသိမ်းသွင်းခံရခြင်း၏ ရလဒ်ဖြစ်နိုင်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ “၎င်းတို့က ထိုပုဂ္ဂိုလ်ကို ဖောက်ခွဲရေးပစ္စည်းတစ်ခု ပေးလိုက်ပြီးတော့ အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲလိုက်တာပါ ၊ ထိုနေရာမှာ ၎င်းရော၊ ၎င်းတို့ပစ်မှတ်ထားသည့် ပြည်ထဲရေးဝန်ကြီးဌာနဝန်ထမ်းတွေပါ သေဆုံးခဲ့ရတာပဲ ၊ ဖြစ်နိုင်ခြေအများဆုံးကတော့ ၎င်းကိုယ်တိုင် ဘာမှတောင်မသိလိုက်တာပါပဲ ၊ ယင်းက ယခုကဲ့သို့ ရာဇဝတ်ဆန်ပြီး မဆင်မခြင်လုပ်ရပ်များ၏ ရလဒ်ပဲဖြစ်ပါသည်” ဟု ၎င်းက ဆိုသည်။
ရုရှားအာဏာပိုင်များက ယူကရိန်း၏ လိမ်လည်လှည့်ဖြားမှုများနှင့် စည်းရုံးသိမ်းသွင်းမှုများကို သတိထားရန် နိုင်ငံသားများကို ထပ်တလဲလဲ တိုက်တွန်းထားပြီး၊ ပူးပေါင်းဆောင်ရွက်ရန် သဘောတူသူ မည်သူမဆိုသည် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အပါအဝင် ရာဇဝတ်မှုဆိုင်ရာ ပြစ်ဒဏ်များကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း သတိပေးထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
