တရုတ်နိုင်ငံထံမှ အဆင့်မြင့်သင်္ဘောဖျက်ဒုံးကျည်များဝယ်ယူရန် အီရန် စီစဉ်နေ
အီရန်နိုင်ငံသည် တရုတ်နိုင်ငံထုတ် အဆင့်မြင့်သင်္ဘောဖျက် ခရုဇ် ဒုံးကျည်များ (Anti-ship cruise missiles) ဝယ်ယူရန်အတွက် တရုတ်အစိုးရနှင့် သဘောတူညီချက်ရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း စေ့စပ်ညှိနှိုင်းမှုများနှင့်နီးစပ်သည့် သတင်းရင်းမြစ်များက ဆိုသည်။ အဆိုပါဝယ်ယူမှုသည် အမေရိကန်က အီရန်ကမ်းရိုးတန်းအနီးတွင် လေယာဉ်တင် သင်္ဘောကြီးများအပါအဝင် အင်အားကြီးမားသောရေတပ်အုပ်စုကို ဖြန့်ကြက်ချထားပြီး စစ်ရေးအရတိုက်ခိုက်ရန် ပြင်ဆင်နေသည့်အချိန်နှင့် တိုက်ဆိုင်နေသည်။
အီရန်က ဝယ်ယူရန်စီစဉ်နေသည့် CM-302 ဒုံးကျည်များသည် အသံထက်မြန်သော (Supersonic) စွမ်းဆောင်ရည်ရှိပြီး ကီလိုမီတာ ၂၉၀ ခန့်အထိ ပစ်ခတ်နိုင်သည်။ အဆိုပါဒုံးကျည်များသည် ပစ်မှတ်သင်္ဘောများ၏ ခုခံရေးစနစ်များကို ရှောင်ကွင်းနိုင်ရန် အလွန်မြန်သောနှုန်းဖြင့် အနိမ့်ပိုင်းတွင် ပျံသန်းနိုင်သည့်အတွက် အမေရိကန်ရေတပ်အင်အားစုများအတွက် ကြီးမားသောခြိမ်းခြောက်မှုဖြစ်လာနိုင်ကြောင်း လက်နက်ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။
အဆိုပါသဘောတူညီချက်သည် ပြီးခဲ့သည့် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော အစ္စရေး-အီရန် စစ်ပွဲအပြီးတွင် ပိုမိုမြန်ဆန်လာခဲ့ပြီး အီရန် ဒုတိယ ကာကွယ်ရေးဝန်ကြီးကိုယ်တိုင် ပေကျင်းသို့သွားရောက်ကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေဖြင့် နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ သဘောတူညီချက်မရရှိပါက စစ်ရေးအရအရေးယူမည်ဟု သတိပေးထားသော်လည်း တရုတ်နိုင်ငံကမူ အီရန်၏အချုပ်အခြာအာဏာကို ထောက်ခံကြောင်းနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်မည်ဟု အချက်ပြနေသည်။ အကယ်၍ အဆိုပါအရောင်းအဝယ် အကောင်အထည်ပေါ်လာပါက ၂၀၀၆ ခုနှစ်က ကုလသမဂ္ဂက ချမှတ်ခဲ့ပြီး ယမန်နှစ်က ပြန်လည်ပြဋ္ဌာန်းခဲ့သော လက်နက်ရောင်းချမှုပိတ်ဆို့မှုကို ချိုးဖောက်ရာ ရောက်မည်ဖြစ်သည်။
ထို့အပြင် အီရန်သည် တရုတ်နိုင်ငံထံမှ လေကြောင်းရန် ကာကွယ်ရေးစနစ်များ၊ ပဲ့ထိန်းဒုံးကျည် တိုက်ဖျက်ရေးလက်နက်များနှင့် ဂြိုဟ်တုဖျက် လက်နက်များ ဝယ်ယူရန်အတွက်လည်း ဆက်လက်ညှိနှိုင်းနေကြောင်း သိရှိရသည်။ အဆိုပါအခြေအနေသည် အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်၏ စိုးမိုးမှုကို စိန်ခေါ်လာသည့် တရုတ်-အီရန်-ရုရှား မဟာမိတ် အင်အားစု၏ အခန်းကဏ္ဍကို ပိုမိုမီးမောင်းထိုးပြနေပြီး ဒေသတွင်းစစ်ရေးအခြေအနေကို အကြီးအကျယ် ပြောင်းလဲသွားစေနိုင်သည့် အချိုးအကွေ့တစ်ခုလည်း ဖြစ်လာနိုင်ပါသည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
