အိန္ဒိယ-ရုရှား ကာကွယ်ရေးအရာရှိကြီးများ နယူးဒေလီတွင် တွေ့ဆုံ ဆွေးနွေး၊ စစ်ရေးပူးပေါင်းမှု ချဲ့ထွင်ရန် သဘောတူ
အိန္ဒိယနှင့် ရုရှားနိုင်ငံတို့သည် နက်ရှိုင်းသော ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုကို ခိုင်မာစေရန်နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု နယ်ပယ် သစ်များ ရှာဖွေရန်အတွက် နိုင်ငံနှစ်နိုင်ငံမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများသည် ယခုသီတင်းပတ်အတွင်း နယူးဒေလီမြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို အိန္ဒိယ တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူးနှင့်လေတပ်ဗိုလ်ချုပ်ကြီး Ashutosh Dixit နှင့် ရုရှား တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး Igor Dylevsky တို့က ပူးတွဲ ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။
နှစ်ဖက်သည် လက်ရှိဆောင်ရွက်လျက်ရှိသော ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို သုံးသပ်ခဲ့ပြီး ပေါ်ထွန်းလာသည့် ကာကွယ်ရေး နည်းပညာ များနှင့် စစ်ရေးပစ္စည်းများ ထုတ်လုပ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု များ ချဲ့ထွင်နိုင်ရေး ဆွေးနွေးခဲ့ကြပြီး ဒီဇင်ဘာလတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ အိန္ဒိယသို့ ခရီးစဉ်မတိုင်မီ ကာလအတွင်း အဆိုပါ တွေ့ဆုံမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့အကြီးဆုံး ကာကွယ်ရေးပစ္စည်းများတင်သွင်းသည့် နိုင်ငံတစ်နိုင်ငံ အနေဖြင့် အိန္ဒိယသည် အစဉ်အလာအရ စစ်ရေးပစ္စည်းကိရိယာများနှင့် နည်းပညာများအတွက် ရုရှားနိုင်ငံအပေါ် များစွာ မှီခိုအားထားခဲ့သည်။ လွန်ခဲ့သော လအနည်းငယ်အတွင်း နယူးဒေလီနှင့် မော်စကိုတို့သည် လေကြောင်း၊ ရေတပ် နှင့် ဒုံးကျည်ဆိုင်ရာ စနစ်များအတွက် နည်းပညာ လွှဲပြောင်းမှုကို အလေးထားသည့်စီမံကိန်းသစ်များကို အရိပ်အမြွက် ဖော်ပြခဲ့ကြပြီး အိန္ဒိယသည် 'Make in India' ဆိုင်ရာ ကြိုးပမ်းချက်ဖြင့် ပြည်တွင်းထုတ်လုပ်မှုကိုမြှင့်တင်ရန် ဆောင်ရွက်နေသည်။
ယခုနှစ်အစောပိုင်းတွင် ရုရှားနိုင်ငံသည် ၎င်း၏ပဉ္စမမျိုးဆက် Sukhoi Su-57 တိုက်လေယာဉ်များကို အိန္ဒိယနိုင်ငံတွင်ထုတ်လုပ်ရန် အဆိုပြု ခဲ့သည်။ မော်စကိုက နယူးဒေလီအားပေးအပ်ခဲ့သည့် S-400 လေကြောင်း ကာကွယ်ရေးစနစ်များကို ပူးတွဲထုတ်လုပ်ရန် နှင့် ရှိပြီးစနစ်များအတွက် ပူးတွဲထိန်းသိမ်းရေးစက်ရုံများ တည်ထောင်ရန် ဆွေးနွေးမှုများ ရှိနေကြောင်း သတင်းများက ဆိုသည်။
မတ်လအတွင်းက အိန္ဒိယနိုင်ငံသည် ၎င်း၏ T-72 တင့်ကားများအတွက် အင်ဂျင်များဝယ်ယူရန် ရုရှားနိုင်ငံပိုင် လက်နက်တင်ပို့ရေး ကုမ္ပဏီ Rosoboronexport နှင့် ဒေါ်လာ ၂၄၈ သန်းတန် ကန်ထရိုက်စာချုပ် ချုပ်ဆို ခဲ့ပြီး အိန္ဒိယအစိုးရပိုင်ကုမ္ပဏီ တစ်ခုအတွက် လိုင်စင်ဖြင့်ထုတ်လုပ်ခွင့် အစိတ်အပိုင်းလည်း ပါဝင်ခဲ့သည်။
သြဂုတ်လတွင် အိန္ဒိယအစိုးရသည် ဒေါ်လာ ၇.၆ ဘီလီယံခန့် တန်ဖိုးရှိ ကာကွယ်ရေးစာချုပ်များကို ခွင့်ပြုခဲ့ရာ၊ ရုရှားနှင့် အိန္ဒိယတို့ ပူးပေါင်း တီထွင်ထားသော BrahMos ဒုံးကျည်များ ထပ်ဆောင်းဝယ်ယူခြင်းနှင့် ရှိပြီးစစ်ရေးစနစ်များ အဆင့်မြှင့်တင်ခြင်းတို့ ပါဝင်သည်။
ယခုလအစောပိုင်းတွင် နှစ်နိုင်ငံသည် ခေတ်သစ်စစ်ပွဲအခြေအနေတွင် တပ်မတော်များအကြား ညှိနှိုင်းဆောင်ရွက်မှုကို အားကောင်းစေရန် အတွက် ၁၄ ကြိမ်မြောက် INDRA နှစ်နိုင်ငံပူးတွဲရေတပ်လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
