အပစ်အခတ်ရပ်စဲပြီး ရက်ပိုင်းအတွင်း ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် တို့ နယ်စပ်၌ အပြန်အလှန် အပြင်းအထန်ပစ်ခတ်

News Image

  • အပစ်အခတ်ရပ်စဲပြီး ရက်ပိုင်းအတွင်း ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် တို့ နယ်စပ်၌ အပြန်အလှန် အပြင်းအထန်ပစ်ခတ်

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့သည် တိုက်ပွဲများခေတ္တ ရပ်နားရန် သဘောတူညီခဲ့ကြသော်လည်း ရက်ပိုင်းအကြာ တနင်္ဂနွေနေ့ (မတ် ၂၉) တွင် အာဖဂန်၏ ကူနာပြည်နယ်နှင့် ပါကစ္စတန်၏ ဘာဂျောခရိုင် နယ်စပ်တစ်လျှောက်၌ လက်နက်ကြီးများ၊ အမြောက်များအသုံးပြုကာ အပြန်အလှန် အပြင်းအထန်ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲကြောင့် အနည်းဆုံး လူတစ်ဦးသေဆုံးပြီး အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်ဘက် က ထုတ်ပြန်ခဲ့သော်လည်း ပါကစ္စတန်အရာရှိများကမူ ၎င်းတို့ဘက်မှ အသေးစားချိုးဖောက်မှုကိုသာ တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း လျှော့ချပြောဆိုခဲ့ကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ပါကစ္စတန်က "ပွင့်လင်းစစ်ပွဲ" ကြေညာခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံကြား သီတင်းပတ်ပေါင်းများစွာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်။ ပါကစ္စတန်သည် မြို့တော် ကဘူးလ် အပါအဝင် အာဖဂန်ပြည်တွင်းရှိ စစ်ဘက်ဆိုင်ရာနှင့် အရပ်ဘက်အဆောက် အအုံများကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ပြီးခဲ့သည့် သီတင်းပတ်ကကဘူးလ်ရှိ အိုမစ် (Omid) ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှုတွင်လူပေါင်း ၄၀၀ ခန့် သေဆုံးခဲ့ရသည်ဟု အာဖဂန်ဘက်က စွပ်စွဲထားသည်။

တင်းမာမှုများ၏ အဓိကအရင်းအမြစ်မှာ ပါကစ္စတန်အတွင်း အကြမ်းဖက်မှုများ ကျူးလွန်နေသည့် အဖွဲ့များကို အာဖဂန်တာလီဘန်တို့က ခိုလှုံခွင့် ပေးထားသည်ဟု ပါကစ္စတန်ဘက်က စွပ်စွဲထားခြင်းနှင့် အာဖဂန်အစိုးရသည် ပါကစ္စတန်၏ ပြိုင်ဘက် အိန္ဒိယနိုင်ငံနှင့် ပိုမိုနီးကပ်သောဆက်ဆံရေးရှိလာခြင်းတို့ကြောင့်ဖြစ်သည်။ လက်ရှိတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနသည် နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲရေးအတွက် အထူး ကိုယ်စားလှယ်များမှတစ်ဆင့် တိုက်ရိုက်ကြားဝင်စေ့စပ်ပေးနေပြီး အခြေအနေများကို ထိန်းညှိရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂