ဥရောပရှိ ပြတိုက်ကြီးများတွင် တန်ဖိုးကြီးအနုပညာလက်ရာနှင့် ရတနာများ ဆက်တိုက်ခိုးယူခံရ
ဥရောပတစ်လွှားရှိ ပြတိုက်များ၏ လုံခြုံရေးအားနည်းချက်များကို သိသာစေသည့် တန်ဖိုးကြီး အနုပညာလက်ရာ ခိုးယူမှုများ ဆက်တိုက်ဖြစ်ပွား လျက်ရှိရာ ယခုလ မတ်လ ၂၂ ရက်နေ့ ညပိုင်းကလည်း အီတလီနိုင်ငံ၊ ပါးမားမြို့အနီးရှိ Magnani Rocca Foundation ပြတိုက်တွင် ရဲတင်းသောခိုးမှုတစ်ခု ဖြစ်ပွားခဲ့သည်။
မျက်နှာဖုံးစွပ်သူခိုး ၄ ဦးသည် နောက်ဖေးတံခါးမှတစ်ဆင့် ဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ တူးရွင်းပြားများဖြင့် အဝင်တံခါးကို ကလော် ဖွင့်၍ ၃ မိနစ်ပင်မပြည့်သော အချိန်အတွင်း စနစ်တကျ ခိုးယူသွားခဲ့ကြခြင်းဖြစ်သည်။ ခိုးယူခံရသည့် လက်ရာများထဲတွင် နာမည်ကျော် ပန်းချီ ဆရာကြီးများဖြစ်သည့် Renoir ၊ Matisse နှင့် Cezanne တို့၏ လက်ရာများပါဝင်ပြီး စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် ရှိမည်ဟု ခန့်မှန်းရသည်။
အလားတူပင် ပြီးခဲ့သည့် အောက်တိုဘာလကလည်း ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ကမ္ဘာကျော် လူဗာပြတိုက် (Louvre Museum) တွင် ‘ရာစုနှစ်အတွင်း အကြီးမားဆုံးခိုးမှု’ ဟု တင်စားရလောက်သည့် ရတနာပစ္စည်းခိုးယူမှုကြီးတစ်ခု ဖြစ်ပွားခဲ့သည်။ လွှစက်များနှင့် ကရိန်းများကို အသုံးပြုကာ ပြတိုက်၏ ဒုတိယထပ်သို့ ကျူးကျော်ဝင်ရောက်ခဲ့သည့် မျက်နှာဖုံးစွပ်အဖွဲ့သည် ဒေါ်လာ သန်း ၁၀၀ ခန့် တန်ဖိုးရှိသော ရတနာပစ္စည်းများကို ယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါဖြစ်ရပ်ကြောင့် ပြတိုက်ညွှန်ကြားရေးမှူး Laurence des Cars ရာထူးမှ နုတ်ထွက်ခဲ့ရပြီး သံသယရှိသူ ၄ ဦးကို ဖမ်းဆီးနိုင်ခဲ့သော်လည်း ရတနာများကိုမူ ယနေ့တိုင် ပြန်လည်ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။ လက်ရှိတွင် ပြင်သစ် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ပြတိုက်များ၏ လုံခြုံရေးပိုင်းကိုပိုမိုတင်းကျပ်စွာ ဆောင်ရွက်နိုင်ရန် ပြန်လည် ပြင်ဆင်ရေးအစီအစဉ်များကို ဦးစားပေး လုပ်ဆောင်လျက်ရှိသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
