အီရန်ရှိ သန့်စင်ပြီး ယူရေနီယံများကို သိမ်းယူရန် သမ္မတ ထရမ့် စဉ်းစားနေ
အီရန်နျူကလီးယားစခန်းများတွင် သိမ်းဆည်းထားသော သန့်စင်ပြီး ယူရေနီယံများကို သိမ်းယူရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲရန် စဉ်းစားနေကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ Wall Street Journal က ဖော်ပြခဲ့သည်။
ယခုအချိန်အထိ တိကျသည့်ဆုံးဖြတ်ချက်တစ်စုံတစ်ရာ မချမှတ်ရသေးသော်လည်း အမေရိကန်တပ်ဖွဲ့ဝင်များအပေါ် ကျရောက်နိုင်သည့် စစ်ရေး အန္တရာယ်များကို တွက်ချက်နေစဉ်အတွင်း သမ္မတထရမ့်အနေဖြင့် အဆိုပါရွေးချယ်မှုကို ယေဘုယျအားဖြင့် လမ်းဖွင့်ထားဆဲဖြစ်ကြောင်း တနင်္ဂနွေနေ့ (မတ် ၂၉) က ထွက်ပေါ်လာသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဖေဖော်ဝါရီလနှောင်းပိုင်းတွင် အီရန် ပဋိပက္ခစတင်ခဲ့ပြီး နောက်ပိုင်း အမေရိကန်စစ်သည် အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့ပြီး ၂၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇွန်လတွင် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများ မတိုင်မီက အီရန်တွင် လက်နက်အဆင့်သို့ ထပ်မံသန့်စင်နိုင်သည့် ၆၀ ရာခိုင်နှုန်းအထိသန့်စင်ထားသော ယူရေနီယံ ၄၀၀ ကီလိုဂရမ်ကျော်နှင့် ၂၀ ရာခိုင်နှုန်းအထိ သန့်စင်ထားသော ယူရေနီယံ ၂၀၀ ကီလိုဂရမ်နီးပါး ရှိနေသည်ဟု ယူဆရသည်။ အဆိုပါ ပစ္စည်းအများစုမှာ အစ်စ်ဖာဟန် (Isfahan) နှင့် နတန့်ဇ် (Natanz) ရှိ မြေအောက်စခန်းများတွင် တည်ရှိနေကြောင်း IAEA အကြီးအကဲ ရာဖေးလ် ဂရော့စီ (Rafael Grossi) က ပြောကြားထားသည်။
အစီရင်ခံစာ၏ဖော်ပြချက်အရ သမ္မတထရမ့်သည် ပဋိပက္ခကို အဆုံးသတ်ရန်အတွက် သန့်စင်ပြီး ယူရေနီယံ ၄၅၀ ကီလိုဂရမ်ခန့်ကို လွှဲပြောင်း ပေးအပ်ရန် တီဟီရန်အစိုးရအပေါ် ဖိအားမြှင့်တင်ရန် အကြံပေးများကို ညွှန်ကြားထားပြီး အကယ်၍ ညှိနှိုင်းမှုများကျရှုံးခဲ့ပါက အင်အားသုံး သိမ်းယူရန်ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ ၎င်းနှင့် ၎င်း၏ မဟာမိတ်အချို့က အဆိုပါ နျူကလီးယားပစ္စည်းများကို စစ်ပွဲကာလ ပိုမို မကြာရှည်စေဘဲ ပစ်မှတ်ထားစစ်ဆင်ရေးတစ်ခုဖြင့် သိမ်းပိုက်နိုင်ပြီး ဧပြီလလယ်တွင် စစ်ပွဲကိုအဆုံးသတ်နိုင်ဖွယ်ရှိကြောင်း သီးသန့် ပြောဆို ထားကြသည်။
သို့သော်လည်း စစ်ဘက်ကျွမ်းကျင်သူများကမူ ထိုကဲ့သို့သော စစ်ဆင်ရေးမျိုးသည် ရှုပ်ထွေးပြီး အန္တရာယ် အလွန်ကြီးမားနိုင်ကြောင်း၊ ပြန့်ကျဲနေသော စခန်းအများအပြားတွင် ဟန်ချက်ညီသောလုပ်ဆောင်ချက်များ လိုအပ်ပြီး ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်တပ်ဖွဲ့များအနေဖြင့် အထူးတပ်ဖွဲ့များက ယူရေနီယံများကို မထုတ်ယူမီ ဒုံးကျည်နှင့်ဒရုန်းများဖြင့် တိုက်ခိုက်ခံရနိုင်သည့်အခြေအနေအောက်တွင် အဆိုပါ နျူကလီးယားစခန်းများကို အကာအကွယ်ပေးထားရန် လိုအပ်မည်ဖြစ်သည်။ ထို့ပြင် အဆိုပါ ယူရေနီယံများကို ဆလင်ဒါဘူးပေါင်း ဒါဇင်နှင့်ချီ၍ သိမ်းဆည်းထားခြင်းဖြစ်ရာ သံမဏိစည် အကာအကွယ်များဖြင့် သယ်ယူပို့ဆောင်ရန် လိုအပ်မည်ဖြစ်သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့ (မတ် ၂၉) တွင် သမ္မတထရမ့်က အီရန်အနေဖြင့် အမေရိကန်၏ တောင်းဆိုချက်များကို လိုက်နာရမည်ဖြစ်ကြောင်း၊ သို့မဟုတ် ပါက ၎င်းတို့တွင် နိုင်ငံ ရှိတော့မည်မဟုတ်ဟုပြောကြားကာ အခြေအနေများ ပိုမိုတင်းမာလာနိုင်ကြောင်း သတိပေးခဲ့သည်။ ထို့ပြင် "သူတို့က ကျွန်တော်တို့ကို အဲဒီနျူကလီးယားတွေ ပေးရလိမ့်မယ်" ဟုလည်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။
အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်ကို ဖျက်သိမ်းရန်၊ ဒုံးကျည်ဆိုင်ရာ လှုပ်ရှားမှုများကို ကန့်သတ်ရန်နှင့် ဒေသတွင်းမဟာမိတ်များအပေါ် ထောက်ပံ့နေမှုများကိုရပ်တန့်ရန် တောင်းဆိုထားသည့် အမေရိကန်၏ လမ်းပြမြေပုံကို အီရန်ဘက်က ပြီးခဲ့သည့်သီတင်းပတ်တွင် ပယ်ချခဲ့ပြီးနောက် ယခုအစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။ မည်သည့် သဘောတူညီချက်မဆို ခိုင်မာသော အာမခံချက်များပါဝင်ရမည်ဖြစ်ပြီး ဝါရှင်တန်၏ စိတ်ကြိုက်စေခိုင်းမှုကို လက်ခံမည်မဟုတ်ကြောင်း တီဟီရန် ဘက်က တုံ့ပြန်ထားသည်။
အမေရိကန်သည် အီရန်အား နျူကလီးယားလက်နက်များ ထုတ်လုပ်ရန် ကြိုးပမ်းနေသည်ဟု ကာလရှည်ကြာ စွပ်စွဲထားသော်လည်း တီဟီရန် ကမူ ၎င်းတို့၏အစီအစဉ်မှာ ငြိမ်းချမ်းသောရည်ရွယ်ချက်အတွက်သာဖြစ်ကြောင်း ငြင်းဆိုထားသည်။ ယင်းစွပ်စွဲချက်သည် ယခုပဋိပက္ခ၏ အဓိက အကြောင်းပြချက်လည်း ဖြစ်နေသည်။
တနင်္ဂနွေနေ့က Financial Times နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင်လည်း သမ္မတထရမ့်က အီရန်၏ရေနံကို ထိန်းချုပ်လိုကြောင်း ပြောကြားခဲ့သည်။ "ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော် အနှစ်သက်ဆုံးအရာက အီရန်ရဲ့ ရေနံကို သိမ်းယူဖို့ပဲ" ဟု ထရမ့်က ဆိုကာ အမေရိကန် ပြည်တွင်းရှိ ဝေဖန်သူများကိုလည်း "လူမိုက်များ" ဟု ပယ်ချခဲ့သည်။ ထို့ပြင် အဓိက ရေနံတင်ပို့ရာဗဟိုချက်ဖြစ်သည့် ခါ့ဂ်ကျွန်း (Kharg Island) ကို အမေရိကန်တပ်ဖွဲ့များက သိမ်းပိုက်မည့် ဖြစ်နိုင်ခြေကိုလည်း ၎င်းက ပယ်ချခြင်း မရှိပေ။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
