လက်ဘနွန်တောင်ပိုင်းတွင် အင်ဒိုနီးရှား ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး

News Image

  • လက်ဘနွန်တောင်ပိုင်းတွင် အင်ဒိုနီးရှား ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး

အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံအတွင်း ညလုံးပေါက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေစဉ်အတွင်း တနင်္ဂနွေနေ့ (မတ် ၂၉) က လက်ဘနွန်တောင်ပိုင်း Adchit Al Qusayr မြူနီစီပယ်ဒေသတွင် အင်ဒိုနီးရှား ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း အင်ဒိုနီးရှားအစိုးရနှင့် လူ့အခွင့်အရေး တာဝန်ရှိသူများက အတည်ပြု ပြောကြားခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လက်ဘနွန်ရှိ ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ (UNIFIL) ၏ အင်ဒိုနီးရှားတပ်ခွဲ အခြေစိုက် စခန်းအနီးသို့ လက်နက်ကြီးကျည်ကျရောက်ခဲ့သဖြင့် အခြားဝန်ထမ်း သုံးဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ သေဆုံးမှုသည် အစ္စရေးစစ်တပ်နှင့် လက်ဘနွန်တောင်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွားနေသော ပဋိပက္ခများအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။ အင်ဒိုနီးရှားအစိုးရက အဆိုပါသေဆုံးမှုနှင့် ပတ်သက်၍ သေချာစွာ စုံစမ်းစစ်ဆေးရန် တောင်းဆိုထားသည်။

အင်ဒိုနီးရှားနိုင်ငံက အစ္စရေး၏ လက်ဘနွန် တောင်ပိုင်း တိုက်ခိုက်မှုများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့ပြီး အဖွဲ့အစည်းအားလုံးအနေဖြင့် လက်ဘနွန်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့မှုကို လေးစားရန် တိုက်တွန်းထားသည်။ အစ္စရေးစစ်တပ်သည် အီရန်ကျောထောက် နောက်ခံပြု ဟစ်ဇဘိုလာအဖွဲ့ကို ပစ်မှတ်ထားသည်ဟုဆိုကာ လက်ဘနွန် နိုင်ငံအတွင်းသို့ ကျူးကျော်ဝင်ရောက်ခြင်း၊ သိမ်းပိုက်ခြင်းနှင့် တိုက်ခိုက်ခြင်း များကို ဆယ်စုနှစ်ပေါင်းများစွာ လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

၂၀၀၀ ပြည့်နှစ်တွင် အစ္စရေးစစ်တပ် ဒုတိယအကြိမ် ကျူးကျော်မှုအပြီး ပြန်လည်ဆုတ်ခွာသွားချိန်တွင် UNIFIL သည် အစ္စရေးနှင့် လက်ဘနွန် တောင်ပိုင်း နယ်စပ်တစ်လျှောက် ကီလိုမီတာ ၁၂၀ (၇၅ မိုင်ခန့်) ရှည်လျားသော "အပြာရောင်မျဉ်း" (Blue Line) ကို သတ်မှတ်ခဲ့သည်။ အဆိုပါငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များသည် နယ်စပ်ချိုးဖောက်မှုများကို စောင့်ကြည့်ရန် နှင့် အရပ်သားများကို အကြမ်းဖက်မှုများမှကာကွယ်ရန် တာဝန်ပေးအပ်ခြင်း ခံထားရသူများ ဖြစ်သည်။

ယခုလအစောပိုင်းတွင် အစ္စရေးစစ်တပ်သည် လီတာနီ (Litani) မြစ် တောင်ဘက်ရှိ နယ်မြေများကိုသိမ်းပိုက်ခဲ့ပြီး ဟစ်ဇဘိုလာတို့၏ ဒုံးကျည်ဖြင့်ပစ်ခတ်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဒေသခံများကို ဖယ်ရှားခိုင်းခဲ့သည်။ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန၏ တနင်္ဂနွေနေ့ (မတ် ၂၉) ထုတ်ပြန်ချက်အရ မတ်လ ၂ ရက်နေ့မှစ၍ အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူပေါင်း ၁,၂၃၈ ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။

လက်ဘနွန်သမ္မတ ဂျိုးဆက်ဖ်အောင်း (Joseph Aoun) ကလည်း တောင်ပိုင်းတွင် တာဝန်ထမ်းဆောင်နေသော UNIFIL ဝန်ထမ်းများ၏ ပေးဆပ်မှု များကို ချီးကျူးဂုဏ်ပြုခဲ့ပြီး နိုင်ငံတကာတာဝန်ရှိသူများကလည်း အဆိုပါ သေဆုံးမှုအပေါ် စုံစမ်းစစ်ဆေးမှုများ အမြန်ဆုံးပြုလုပ်ရန် တောင်းဆို ထားကြသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂