အီရန်ကျောင်းအား တိုက်ခိုက်မှုတွင် ပင်တဂွန်က စမ်းသပ်ဆဲလက်နက်ကို အသုံးပြုခဲ့ကြောင်း NYT ဖော်ပြ
အီရန်နိုင်ငံတောင်ပိုင်း လာမာ့ဒ် (Lamerd) မြို့ရှိ ကျောင်းတစ်ကျောင်းနှင့် အားကစားခန်းမတစ်ခုကို အမေရိကန်က တိုက်ခိုက်မှုတွင် ယခင်က အသုံးမပြုဖူးသေးသည့် ပဲ့ထိန်းဒုံးကျည် (Ballistic Missile) ဖြင့် တိုက်ခိုက်ခဲ့ကြောင်း New York Times က တနင်္ဂနွေနေ့ (မတ် ၂၉) တွင် ဖော်ပြခဲ့သည်။ ၎င်းတို့သည် ရုပ်သံမှတ်တမ်းများကို ကိုယ်တိုင် စိစစ်သုံးသပ်ချက်နှင့် လက်နက်ကျွမ်းကျင်သူများ၏ သုံးသပ်ချက်များကို ကိုးကား၍ ယခုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုသည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော အမေရိကန်နှင့် အစ္စရေးတို့၏ ပထမအကျော့ တိုက်ခိုက်မှုလှိုင်းအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုနေ့မှာပင် အမေရိကန် ဒုံးကျည်တစ်စင်းသည် အီရန်နိုင်ငံ မီနပ်ဘ် (Minab) မြို့ရှိ မိန်းကလေးမူလတန်းကျောင်း တစ်ကျောင်းကို တိုက်ခိုက်ဖျက်ဆီးခဲ့ရာ ကျောင်းသူအများစုအပါအဝင် လူပေါင်း ၁၇၅ ဦး သေဆုံးခဲ့သည်။ အီရန် တာဝန်ရှိသူများ၏ အဆိုအရ လာမာ့ဒ်မြို့ တိုက်ခိုက်မှုတွင် အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ကြောင်း သိရှိ ရသည်။
တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရှုံးမှုများသည် Precision Strike Missile (PrSM) အမျိုးအစားနှင့် ကိုက်ညီနေကြောင်း NYT က ဆိုသည်။ အဆိုပါလက်နက်သည် ပစ်မှတ်၏ အထက်တွင်ပေါက်ကွဲပြီး တန်စတင် (Tungsten) သတ္တုစအသေးလေးများကို ဖြန့်ကြဲ ပစ်ခတ်သည့် စနစ် ဖြစ်သည်။ ပင်တဂွန်စစ်ဌာနချုပ်၏အဆိုအရ အဆိုပါ လက်နက်သည် လွန်ခဲ့သောနှစ်ကမှ ၎င်း၏ ရှေ့ပြေးပုံစံ (Prototype) စမ်းသပ်မှု အဆင့်ကို ပြီးမြောက်ခဲ့ခြင်း ဖြစ်သည်။
မီနပ်ဘ် (Minab) မြို့တွင်ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ကဲ့သို့ပင် လာမာ့ဒ် (Lamerd) မြို့ရှိ ပစ်မှတ်ထားခံရသော ကျောင်းနှင့် အားကစားခန်းမတို့သည် အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) ၏ အဆောက်အအုံနှင့် ကပ်လျက်တည်ရှိနေကြောင်း NYT က ဖော်ပြခဲ့သည်။ ဂြိုဟ်တုမှတ်တမ်းဟောင်းများကို လေ့လာကြည့်ရှုရာတွင် အဆိုပါကျောင်းနှင့် အားကစားခန်းမတို့သည် IRGC နယ်မြေနှင့် အနည်းဆုံး လွန်ခဲ့သည့် ၁၅ နှစ်ခန့်ကပင် တံတိုင်းခတ်၍ သီးခြားခွဲထားပြီးဖြစ်ကြောင်း၊ ထို့အပြင် Google Maps အပါအဝင် လူသုံးများသော အွန်လိုင်းမြေပုံ ဝန်ဆောင်မှုများတွင်လည်း အရပ်ဘက်သုံးအဆောက်အအုံများအဖြစ် စာရင်းသွင်းထားကြောင်း အဆိုပါ သတင်းစာက ဆက်လက်ဖော်ပြထားသည်။
ယခုအသုံးပြုခဲ့သည့် PrSM ဒုံးကျည်သည် အမျိုးအစားသစ်ဖြစ်သောကြောင့် ယင်းတိုက်ခိုက်မှုမှာ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း (သို့မဟုတ်) လက်နက်၏ ဒီဇိုင်းပိုင်းချို့ယွင်းချက်နှင့် ထောက်လှမ်းရေးသတင်းအချက်အလက် မှားယွင်းမှုတို့ကြောင့်ဆိုသည်ကို အကဲဖြတ်ရန် ခက်ခဲကြောင်း NYT က ဆိုသည်။
တရားဝင်ထုတ်ပြန်ချက်များအရ အီရန်နိုင်ငံအတွင်း အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် သေဆုံးရသည့် အရပ်သား အရေအတွက်မှာ ၁,၀၀၀ ကျော်ရှိပြီဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က မီနပ်ဘ်မြို့ရှိကျောင်းကို တိုက်ခိုက်ခဲ့မှုအပေါ် တာဝန်ယူရန် ငြင်းဆန်ထားသော်လည်း ပင်တဂွန်စစ်ဌာနချုပ်ကမူ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
