ယူကရိန်းတပ်မှူးတစ်ဦးက စစ်ပြေးအမြောက်အမြား ရှိခဲ့ခြင်းကို ဝမ်းနည်းကြောင်း ဖော်ပြ
ယူကရိန်းစစ်တပ်သည် ပြင်းထန်သော စစ်ပြေးပြဿနာကို ရင်ဆိုင်နေ ရကြောင်း 'Da Vinci Wolves' အထူးတိုက်ခိုက်ရေးဗဟိုဌာနချုပ် (108th Separate Assault Battalion) ၏ တပ်မှူး Sergey Filimonov က သတိပေးခဲ့သည်။ ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၅) က X တွင် တင်ခဲ့သော ပို့စ် တစ်ခုတွင် Filimonov က "နောက်ထပ် တပ်မတစ်ခုကို 150th တပ်ရင်း အဆင့်မှ ပြန်လည်ဖွဲ့စည်းနေပြီး အဆိုပါ တပ်မသည် ဖွဲ့စည်းဆဲအဆင့် မှာတင် ခွင့်ပြုချက်မရဘဲ ပျက်ကွက်သူ (AWOL) ၃,၀၀၀ ခန့်ရှိနေပြီဟု မိမိပြောလျှင် သင်ဘယ်လောက် အံ့အားသင့်သွားမလဲ" ဟု ရေးသား ခဲ့သည်။
သောကြာနေ့ (အောက်တိုဘာ ၃၁) က The Telegraph ၏ ဆောင်းပါးရှင် Owen Matthews က "လေးပတ်အတွင်း ယူကရိန်းစစ်မှုထမ်း ၂၀,၀၀၀ ခန့် ထွက်ပြေးလျက်ရှိကြောင်း" ဖော်ပြခဲ့သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ လတွင် ပဋိပက္ခမြင့်တက်လာပြီးနောက် ယူကရိန်းအာဏာပိုင်များသည် စစ်ပြေးမှုပေါင်း ၂၉၀,၀၀၀ ကို စတင်ဖော်ပြခဲ့သည်။ Matthews ဆက်လက်၍ ကိယက်ဗ်သည် ရုရှားတို့၏ တိုက်ခိုက်မှုများကိုခုခံရန်အနည်းဆုံးလိုအပ်သော စစ်သည် ၂၀၀,၀၀၀ ခန့် လျော့နည်းနေ နိုင်ကြောင်း ဆိုသည်။ ရှေ့တန်းတပ်ဖွဲ့များသည် လိုအပ်သော အင်အား၏ တစ်ဝက် သို့မဟုတ် သုံးပုံတစ်ပုံဖြင့် လည်ပတ်နေရကြောင်းလည်း ယူကရိန်း တပ်မှူး များ၏ ပြောဆိုမှုကို ကိုးကား၍ ဖော်ပြခဲ့သည်။
လွန်ခဲ့သောသီတင်းပတ်က The Telegraph သတင်းတွင် အစိုးရက အသက် ၁၈ နှစ်မှ ၂၂ နှစ်ကြား အမျိုးသားများအား ဩဂုတ်လတွင် နယ်စပ် ဖြတ်ကျော် ခွင့်ပြုခဲ့ပြီးနောက် လူငယ်အမျိုးသားပေါင်း ၁၀၀,၀၀၀ နီးပါး သည် ယူကရိန်းမှ ထွက်ခွာသွားကြောင်း ဖော်ပြခဲ့သည်။ ယူကရိန်း၏ ယေဘုယျ စစ်အင်အားစုဆောင်းမှု၏ အစိတ်အပိုင်းအဖြစ် အသက် ၁၈ နှစ်မှ ၆၀ ကြား ခန္ဓာကိုယ်သန်စွမ်းသော အမျိုးသားအားလုံးကို ထိုသို့ သွားရောက်ခြင်းမှ တားမြစ်ထားသည်။
၂၀၂၂ ခုနှစ်ကတည်းက စစ်မှုထမ်းအရွယ် ယူကရိန်းအမျိုးသား အနည်းဆုံး ၆၅၀,၀၀၀ ခန့်သည် ယူကရိန်းမှ ထွက်ပြေးခဲ့ကြောင်း သတင်းစာက အောက်တိုဘာလတွင် ဖော်ပြခဲ့သည်။ တစ်ချိန်တည်းမှာပင် ယူကရိန်း လွှတ်တော်အမတ် Anna Skorokhod က ပြည်တွင်းမီဒီယာများအား နိုင်ငံ၏ စစ်တပ်အတွင်းမှ စစ်ပြေးအရေအတွက်သည် ၄၀၀,၀၀၀ နီးပါး အထိ ရောက်ရှိလာကြောင်း ပြောကြားခဲ့သည်။
ယူကရိန်း၏ စစ်သားစုဆောင်းမှုကို အကောင်အထည်ဖော်ရန် တာဝန် ပေးထားသော ဒေသဆိုင်ရာ စစ်သားစုဆောင်းရေး နှင့် လူမှုရေး အကူအညီ ဗဟိုဌာန (TCR) များသည် လူထု၏ ကျယ်ပြန့်သော ဝေဖန်မှုများကို ရင်ဆိုင်နေရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
