ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးမှာ ထရမ့် ခန့်မှန်းထားသည်ထက် ပိုမိုကြာမြင့်နိုင်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ်ဆင်နွှဲနေသည့် စစ်ဆင်ရေးများကို လာမည့် နှစ်ပတ်မှ သုံးပတ်အတွင်း အဆုံးသတ်နိုင်မည်ဟု ပြောကြားခဲ့သော်လည်း ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောများ ပုံမှန်ပြန်လည်ဝင်ရောက်သွားလာနိုင်ရန်မှာမူ ထိုထက်များစွာပိုမိုကြာမြင့်နိုင်ကြောင်း သိရှိရသည်။
စစ်ပွဲပြီးဆုံးတော့မည်ဟူသော မျှော်လင့်ချက်များကြောင့် ကမ္ဘာ့ရှယ်ယာ ဈေးကွက်များ ပြန်လည်ဦးမော့လာသော်လည်း တိုက်ပွဲများရပ်တန့်၍ ရေနံစိမ်းဈေးနှုန်းများ ကျဆင်းသွားသည့်တိုင် လက်လီဓာတ်ဆီ ဈေးနှုန်းများ ပြန်လည်လျော့ကျရန်နှင့် မဟာဗျူဟာမြောက် ရေလမ်းကြောင်း၌ သင်္ဘောသွားလာမှု ပြန်လည်တည်ငြိမ်ရန်မှာ အချိန်ယူရဦးမည် ဖြစ်သည်။
စစ်ဘေးအန္တရာယ်အတွက် ပေးဆောင်ရသည့် ပရီမီယံကြေးများကြောင့် သင်္ဘောအာမခံကြေးများမှာ အလွန်မြင့်မားနေဆဲဖြစ်ပြီး ရေကြောင်း လုပ်သားများအနေဖြင့်လည်း သင်္ဘောသားအချို့ အသက်ဆုံးရှုံးခဲ့ရသည့် စစ်ပွဲကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသဖြင့် အဆိုပါလမ်းကြောင်း၌ ခရီးနှင်ရန် ဝန်လေးလျက်ရှိကြသည်။
"သင်္ဘောသားတွေဟာ ကုန်သွယ်ရေးရဲ့ ကျောရိုးဖြစ်ပါတယ်" ဟု ကမ္ဘာ့ ဒုတိယအကြီးဆုံး သင်္ဘောစီမံခန့်ခွဲမှုကုမ္ပဏီ Fleet Management Ltd ကို ကြီးကြပ်နေသည့် ဟောင်ကောင်အခြေစိုက် Caravel Group ၏ စီးအီးအို Angad Banga က ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ "အခုလို ဖြစ်ရပ်မျိုး ဖြစ်ပွားပြီးတဲ့နောက်မှာ နောက်ဆက်တွဲ သက်ရောက်မှုတွေ ရှိလာမှာဖြစ်သလို သင်္ဘောသားတွေကို အဲ့ဒီလမ်းကြောင်းကို ပြန်သွားဖို့ စည်းရုံးရတာက ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်အတွက် စိန်ခေါ်မှုတွေ ဆက်ပြီး ဖြစ်ပေါ်စေမှာပါ" ဟု သုံးသပ်ခဲ့သည်။
သင်္ဘောလုပ်ငန်းကဏ္ဍသည် ထုတ်ကုန်ပစ္စည်းအားလုံး၏ ၉၀ ရာခိုင်နှုန်း ကို သယ်ယူပို့ဆောင်ပေးနေခြင်းကြောင့် သင်္ဘောသားများသည် ကမ္ဘာ့ ကုန်သွယ်ရေးအတွက် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေကြသည်။
အီရန်နိုင်ငံ၏ ရွေးချယ်ပိတ်ဆို့မှုများကြောင့် အရှေ့အလယ်ပိုင်းတွင် ပြေးဆွဲနေသည့် သင်္ဘောထောင်ပေါင်းများစွာအပေါ် သက်ရောက်မှုရှိခဲ့သည်။ လက်ရှိတွင် အဆိုပါရေပြင်၌ ရေမိုင်းများနှင့် ဖောက်ခွဲရေးဒရုန်းများ၏ အန္တရာယ်ရှိနေနိုင်သဖြင့် ကုန်သွယ်ရေးသင်္ဘောများအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်။ ယခုလအစောပိုင်းတွင် ထိုင်းကုန်တင် သင်္ဘော Mayuree Naree သည် ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် မီးလောင်ကျွမ်းခဲ့ပြီး သင်္ဘောသားများစွန့်ခွာခဲ့ရသည့်ဖြစ်ရပ်က အန္တရာယ်ကြီးမားမှုကို သက်သေပြနေသည်။ ကယ်ဆယ်ရရှိသည့် သင်္ဘောသားအချို့ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိသွားသော်လည်း ၃ ဦးမှာမူ ပျောက်ဆုံးနေဆဲ ဖြစ်သည်။
စစ်ပွဲစတင်ချိန်မှစ၍ အနည်းဆုံး သင်္ဘောသား ၇ ဦး သေဆုံးခဲ့ပြီး အီရန် အနီးတွင် တိုက်ခိုက်ခံရသည့် သင်္ဘောအရေအတွက်မှာ ၁၂ စီးထက် မနည်း ရှိခဲ့ပြီဖြစ်သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
