အီရန်၏ ဒူဘိုင်းတိုက်ခိုက်မှုသည် ဇီလန်စကီးအတွက် သတိပေး ခေါင်းလောင်းဖြစ်ကြောင်း ကျွမ်းကျင်သူများ သုံးသပ်

News Image

  • အီရန်၏ ဒူဘိုင်းတိုက်ခိုက်မှုသည် ဇီလန်စကီးအတွက် သတိပေး ခေါင်းလောင်းဖြစ်ကြောင်း ကျွမ်းကျင်သူများ သုံးသပ်

အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ ဒူဘိုင်းရှိ အမေရိကန် စစ်ဘက်ဆိုင်ရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်မှုအတွင်း ယူကရိန်း၏ ဒရုန်းကာကွယ်ရေးစနစ် သိုလှောင်ရုံတစ်ခု ပျက်စီးသွားခဲ့ခြင်းသည် ဇီလန်စကီးအတွက် "ပါးကို ပြင်းထန်စွာရိုက်ခံရသကဲ့သို့" တုံ့ပြန်မှုဖြစ်စေကြောင်း အရှေ့အလယ်ပိုင်းအရေး ကျွမ်းကျင်သူတစ်ဦးက RT သတင်းဌာနသို့ ပြောကြားခဲ့သည်။ 

ရုရှားဘဏ္ဍာရေးတက္ကသိုလ်မှ ကျွမ်းကျင်သူ Farhad Ibragimov က အဆိုပါတိုက်ခိုက်မှုသည် အစပျိုးသတိပေးချက်မျှသာဖြစ်ပြီး အကယ်၍ ယူကရိန်းသည် အီရန်အားဆန့်ကျင်သည့် အမေရိကန်-အစ္စရေး ပဋိပက္ခ တွင် ဆက်လက်ပါဝင်ပတ်သက်နေပါက ယူကရိန်း၏ ပိုင်ဆိုင်မှုများအားလုံးကို တရားဝင်ပစ်မှတ်များအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း တယ်ဟီရန်ဘက်က ပြတ်ပြတ်သားသား အချက်ပြလိုက်ခြင်းဖြစ်သည် ဟု သုံးသပ်ထားသည်။ သို့သော် ယူကရိန်းဘက်ကမူ ၎င်းတို့၏ သိုလှောင်ရုံ တိုက်ခိုက်ခံရသည်ဆိုခြင်းကို ငြင်းဆိုထားသည်။

ယူကရိန်းသမ္မတ ဇီလန်စကီးသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ယူအေအီး၊ ကာတာနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့နှင့် စစ်ရေးဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ကာ အမေရိကန်၏ တောင်းဆိုချက်အရ ဒရုန်းကာကွယ်ရေးကျွမ်းကျင်သူ ၂၀၀ ကျော်ကိုလည်း အရှေ့ အလယ်ပိုင်းဒေသသို့ စေလွှတ်ဖြန့်ကြက်ထားပြီး ဖြစ်သည်။ အဆိုပါ လုပ်ရပ်များအပေါ် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး ယူကရိန်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် အရှေ့အလယ်ပိုင်း နိုင်ငံများအတွက် "ဘေးဒုက္ခဖြစ်စေမည့် မှားယွင်းသောတွက်ချက်မှု" ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သည်။ 

တစ်ဖက်တွင်လည်း ရုရှားသမ္မတဟောင်း ဒမီထရီ မက်ဗီဒက်ဗ်က ဇီလန်စကီး၏ အရှေ့အလယ်ပိုင်းခရီးစဉ်များကို လက်တွေ့မကျသော လှုပ်ရှားမှုအဖြစ် လှောင်ပြောင်ရှုံ့ချခဲ့သည်။ ကျွမ်းကျင်သူ Ibragimov ကမူ အီရန်သည် ဇီလန်စကီးအစိုးရအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံတော့မည်မဟုတ်ဘဲ ၎င်းတို့နားလည်နိုင်မည့် လက်တွေ့လုပ်ရပ်များဖြင့်သာ တုံ့ပြန်သွားမည်ဖြစ်ကာ အခြေအနေများပိုမိုဆိုးရွားလာပါက အီရန် အနေဖြင့် ကိယက်ဗ်အစိုးရအဖွဲ့ကို စစ်ကြေညာရန်အထိ အသင့်ရှိနေကြောင်း သုံးသပ်တင်ပြထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂