ဗီယက်နမ်နိုင်ငံမှ ၁၀ နှစ်အရွယ် မိန်းကလေး တစ်ဦး အင်္ဂလိပ်ဘာသာစကား ထူးချွန်သူတစ်ဦး ဖြစ်လာ
ဟနွိုင်း နိုဝင်ဘာ ၁၁
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီးမှ အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် နိုင်ငံတကာ အင်္ဂလိပ်ဘာသာကျွမ်းကျင်မှု အရည်အချင်းစစ်စာမေးပွဲ IELTS တွင် အဆင့် သတ်မှတ်ချက် ၈ ဒသမ ၅ ရရှိကာ အင်္ဂလိပ် ဘာသာထူးချွန်သူတစ်ဦး ဖြစ်လာခဲ့သည်။
ငါဗီခရိုင် ဗူဗန်ဗာမူလတန်းကျောင်းမှ ကျောင်းသူ ငုယင်ဗိုအမ်သည် ၎င်းအရည် အချင်းစစ်စာမေးပွဲတွင် အင်္ဂလိပ်ဘာသာ စကားပြောဆိုမှုအကဲဖြတ်မှုတွင် အဆင့် သတ်မှတ်ချက် ၈ ဒသမ ၅ ရရှိခဲ့သည်။
ဗီယက်နမ်နိုင်ငံတွင် နိုင်ငံတကာအင်္ဂလိပ်ဘာသာကျွမ်းကျင်မှု အရည်အချင်းစစ်စာမေးပွဲ ကို အသက် ၁၆ နှစ်မှ ၂၂ နှစ်အရွယ်ရှိသူများသာ အများဆုံးဝင်ရောက်ဖြေဆိုလေ့ရှိပြီး ၎င်းတို့ အနက်မှ တစ်ရာခိုင်နှုန်းသာ အဆင့်သတ်မှတ် ချက် ၈ ဒသမ ၅ ရရှိခဲ့သည်။
အဆင့်သတ်မှတ်ချက် ၈ နှင့် အထက်ရရှိသူ များသည် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်သူ များဖြစ်ပြီး ဆွေးနွေးမှုများနှင့် စဉ်းစားတွေးခေါ် မှုများကို အင်္ဂလိပ်ဘာသာဖြင့် ဆောင်ရွက်နိုင်သူ များဖြစ်ကြောင်း သတ်မှတ်ထားသည်။ ၎င်း သည် အသက်သုံးနှစ်မှစတင်၍ ဟယ်ရီပေါ်တာ နှင့် အခြားအင်္ဂလိပ်ဘာသာစာအုပ်များကို ဖတ်ရှုခဲ့သည်။
၎င်းအား အင်္ဂလိပ်စာသင်ကြားရေးအတွက် စင်တာသို့ စေလွှတ်ခြင်းနှင့် ဆရာငှားရမ်း သင်ကြားခြင်းတို့ကို မဆောင်ရွက်ခဲ့ဘဲ ကိုယ်တိုင်ကြိုးစားဆောင်ရွက်ခဲ့သူဖြစ်ကြောင်း သိရသည်။
ကိုးကား - VN Express
ဘာသာပြန် - စိုးသူရ
ကြေးမုံ
