ဘိုင်ယန်မြူးနစ်အသင်း၊ နူအာနှင့် သက်တမ်းတိုးစာချုပ် ဆွေးနွေးမှု ရပ်ဆိုင်း
မတ်လ ၃၁ ရက်၊
ဘိုင်ယန်မြူးနစ်အသင်းက ဝါရင့်ဂိုးသမား နူအာနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုများကို ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
အသက် ၄၀ အရွယ် နူအာသည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ၂၀၀၅ ခုနှစ်တွင် ရှော်လ်ကေးအသင်းနှင့် စတင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ကစားခဲ့သည်။ ဘိုင်ယန်မြူးနစ်၌ နှစ်ပေါင်းအတန်ကြာ အဓိကဂိုးသမားအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။
ဂိုးသမား နူအာသည် နှစ်အတန်ကြာ အဓိကပွဲထွက်ဂိုးသမားအဖြစ် ပါဝင်ခဲ့သော်လည်း နောက်ပိုင်းနှစ်များတွင် ဒဏ်ရာပြဿနာများကြောင့် ပွဲထွက်ကစားခွင့်နည်းပါးလာခဲ့သည်။
အသင်းနှင့် နူအာတို့၏ သက်တမ်းစာချုပ်သည် ယခုဘောလုံးရာသီအကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး၊ သက်တမ်းတိုးစာချုပ်ဆွေးနွေးမှုများကို နူအာ၏ ခြေထောက်ကြွက်သားဒဏ်ရာကြောင့် ရပ်ဆိုင်းထားသည်။ နူအာကလည်း စောင့်ဆိုင်းမှုများ လုပ်ဆောင်လိုနေသည့်အတွက် သက်တမ်းတိုးစာချုပ်ဆွေးနွေးမှုကို အချိန်နောက်ဆုတ်ထားခြင်းဖြစ်သည်။
လာမည့်ရာသီတွင် ကျန်းမာပြီး ကြံ့ခိုင်မှုအပြည့်ဖြင့် ကစားနိုင်မည်မဟုတ်ပါက နူအာသည် အသင်းနှင့် သက်တမ်းတိုးစာချုပ်မချုပ်ဘဲ ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှ အနားယူနိုင်မည်ဖြစ်သည်။
နူအာသည် ဘိုင်ယန်မြူးနစ်နှင့် ပွဲစုံပွဲပေါင်း ၅၉၀ အထိကစားပြီး အသင်း၌ ပွဲအများဆုံးကစားသမားအဖြစ် ရပ်တည်နေကြောင်း၊ ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလားများစွာ ဆွတ်ခူးနိုင်ခဲ့ပြီး အသင်း၌ ဆုဖလားအများဆုံးရရှိသည့် ကစားသမားအဖြစ်မှတ်တမ်းတင်ထားကြောင်း သိရသည်။
Ref: Bild
MWD
