သိပ္ပံနည်းကျ မျိုးရိုးဗီဇပြုပြင်ထားသည့် ကလေးများဖန်တီးရန် နည်းပညာထိပ်တန်းကုမ္ပဏီများ ကမ်းလှမ်း

News Image

  • သိပ္ပံနည်းကျ မျိုးရိုးဗီဇပြုပြင်ထားသည့် ကလေးများဖန်တီးရန် နည်းပညာထိပ်တန်းကုမ္ပဏီများ ကမ်းလှမ်း

ဆီလီကွန်တောင်ကြားရှိ ဘီလီယံနာများထံမှ ရန်ပုံငွေ ထောက်ပံ့ထားသော အမေရိကန် စွန့်ဦးတီထွင်နည်းပညာကုမ္ပဏီတစ်ခုသည် မျိုးရိုးလိုက် ရောဂါများကင်းစင်ပြီး ဉာဏ်ရည်မြင့်မားသော “မျိုးရိုးဗီဇပြုပြင်ထားသော ကလေးငယ်” မွေးဖွားလာစေနိုင်သည့် သန္ဓေသားပြုပြင် မွမ်းမံခြင်း စီမံကိန်းတစ်ခုကို လျှို့ဝှက်စွာလုပ်ဆောင်နေကြောင်း Wall Street Journal က ဖော်ပြခဲ့သည်။

မျိုးရိုးဗီဇပြုပြင်ခြင်းနည်းပညာကို မွေးဖွားပြီးကုသမှုများတွင် အသုံးပြု နှင့်ပြီးဖြစ်သော်လည်း သိပ္ပံပညာရှင်များအား ကလေးများဖန်တီးရန် ရည်ရွယ်ချက်ဖြင့် သန္ဓေသားဗီဇများကို ပြုပြင်ခွင့်ပြုခြင်းကို အမေရိကန် နှင့် အခြားနိုင်ငံအများအပြားတွင် တားမြစ်ထားဆဲဖြစ်သည်။

စနေနေ့ (နိုဝင်ဘာ ၈) က ထုတ်ဝေခဲ့သည့် အစီရင်ခံစာအရ Preventive ဟုခေါ်သော ဆန်ဖရန်စစ္စကို အခြေစိုက် စွန့်ဦးတီထွင်ကုမ္ပဏီသည် "ဇီဝ ဗေဒဆိုင်ရာ ပထမဆုံးဖြစ်ရပ်" ကို တိတ်တဆိတ် ပြင်ဆင်နေခဲ့သည်။ မျိုးရိုးဗီဇပြုပြင်ရေးသိပ္ပံပညာရှင် Lucas Harrington မှ ယခုနှစ် အစောပိုင်း က တည်ထောင်ခဲ့သည့် အဆိုပါကုမ္ပဏီကို OpenAI ၏ အမှုဆောင်အရာရှိချုပ် Sam Altman နှင့် Coinbase ၏ ပူးတွဲ တည်ထောင်သူ Brian Armstrong တို့က ပံ့ပိုးကူညီထားသည်ဟု သိရှိ ရသည်။

Preventive ကုမ္ပဏီက ၎င်း၏ ရည်မှန်းချက်မှာ "မွေးဖွားမလာမီ လူသား သန္ဓေသားများ၏ ဗီဇကို ပြုပြင်ခြင်းဖြင့် မျိုးရိုးဗီဇဆိုင်ရာရောဂါများကို အဆုံးသတ်ရန်" ဖြစ်ကြောင်း ကြေညာခဲ့ပြီး အဆိုပါကြေညာချက်သည် ကျင့်ဝတ်၊ ဘေးကင်းရေးနှင့် စိတ်ကြိုက်ပြုပြင်ထားသော ကလေးများ မွေးဖွားလာနိုင်ခြေဆိုင်ရာ အငြင်းပွားမှုများကို စတင်ခဲ့သည်။ Wall Street Journal မှ စိစစ်ရရှိခဲ့သော ဆက်သွယ်မှုမှတ်တမ်းများအရ ကုမ္ပဏီ သည် ၎င်း၏သုတေသနကို ဆောင်ရွက်ရန် သန္ဓေသားဗီဇပြုပြင်ခြင်း တရားဝင်သည့်နေရာများကို ရှာဖွေနေသည်ဟု သိရှိရသည်။

Wall Street Journal မှ ဆက်သွယ်မေးမြန်းပြီးနောက်တွင် ၎င်း၏ အစီအစဉ်များကို ခြောက်လတာ လျှို့ဝှက်ထားခဲ့သည့် Preventive ကုမ္ပဏီ သည် သန္ဓေသားဗီဇပြုပြင်ခြင်းဆိုင်ရာ စူးစမ်းရေးလုပ်ငန်းအတွက် ဒေါ်လာ သန်း ၃၀ ရန်ပုံငွေ ရရှိထားကြောင်း ကြေညာခဲ့သည်။

Coinbase ၏ နောက်ကွယ်ရှိ Crypto ငွေကြေးဘီလီယံနာ Brian Armstrong သည် မျိုးဗီဇပြုပြင်ခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေနည်းပါးသော ကလေးများကို မွေးဖွားလာစေနိုင်ကြောင်းနှင့် အဆိုပါလုပ်ငန်းစဉ်အား လူအများလက်ခံလာစေရန် ရည်ရွယ်၍ ကျန်းမာသော မျိုးဗီဇပြုပြင် ထားသည့် ကလေးတစ်ဦးကို လျှို့ဝှက်မွေးဖွားပြသရန် အကြံအစည်ကို တစ်ချိန်က ဆွေးနွေးခဲ့ကြောင်း Wall Street Journal က ဖော်ပြခဲ့သည်။

အဆိုပါ စီမံကိန်းသည် မျိုးရိုးဗီဇသန့်စင်ရေး (Eugenics) နယ်ပယ်ထဲသို့ ဝင်ရောက်နိုင်သည့် အန္တရာယ်ရှိကြောင်း ဝေဖန်သူများက ပြောဆိုသည်။ UC Berkeley ရှိ Innovative Genomics Institute ၏ ဒါရိုက်တာ Fyodor Urnov က “လူကုံထံများသည် ငွေကြေးကို လက်နက်သဖွယ်အသုံးချကာ မလုပ်သင့်သည်များကို လုပ်ဆောင်နေကြသည်” ဟု ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂