နယူးဒေလီမြို့၌ ကားဗုံးခွဲအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွား ယာဉ်ပိုင်ရှင်က ကက်ရှမီးယား ဒေသခံဆရာဝန်တစ်ဦး ဖြစ်နေဟုဆို

News Image

  • နယူးဒေလီမြို့၌ ကားဗုံးခွဲအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွား ယာဉ်ပိုင်ရှင်က ကက်ရှမီးယား ဒေသခံဆရာဝန်တစ်ဦး ဖြစ်နေဟုဆို

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ နိုဝင်ဘာလ ၁၀ ရက်ညပိုင်းတွင် ကားဗုံးခွဲအကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားရာ အနည်းဆုံးလူ  ရှစ်ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိကြောင်းနှင့် ဗုံးထောင်ထားသည့်ယာဉ်ပိုင်ရှင်မှာ     အိန္ဒိယနိုင်ငံဘက်ခြမ်းရှိ ကက်ရှမီးယားဒေသ၌နေထိုင်သူ ဆရာဝန်တစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁၁ ရက်တွင်ထုတ်ပြန်ထားသည်။

အဆိုပါယာဉ်ပိုင်ရှင်၏အမည်မှာ မိုဟာမတ်အူမာဖြစ်ကြောင်း၊ ၎င်းသည် ကားကိုဗုံးခွဲချိန်တွင် ကားအတွင်းရှိနေကြောင်းနှင့် ပေါက်ကွဲမှုသည် ည ၇ နာရီဝန်းကျင်တွင် သမိုင်းဝင်  ခံတပ်နီ၌ဖြစ်ပွားခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကားဗုံးပေါက်ကွဲမှုကြောင့် အနီးရှိကားအများအပြားမီးလောင်သွားကြောင်း၊ အနီးရှိအဆောက်အအုံများမှာလည်း တစ်စိတ်တစ်ပိုင်း        ပျက်စီးသွားကြောင်းနှင့် ပေါက်ကွဲမှုဖြစ်ပွားသည့်အသံကို မီတာ ၅၀၀ အကွာက ပင်ကြားရကြောင်း သတင်းဌာနများကဖော်ပြထားသည်။

ယခုဖောက်ခွဲမှု လုပ်သည့်ကားကို မိုဟာမတ်အူမာက    လွန်ခဲ့သောသီတင်းပတ်နှစ်ပတ်ခန့်ကမှ ဝယ်ယူထားခြင်း ဖြစ်ကြောင်း၊ ၎င်း၏ရုပ်အလောင်းကို ကားအတွင်းမှ ရရှိကြောင်း၊  ယင်းရုပ်အလောင်းကို   DNA စစ်ဆေးမှုအရ ယာဉ်ပိုင်ရှင်ကိုသိရှိခဲ့ရခြင်းဖြစ်ကြောင်းနှင့်   ယခုဖောက်ခွဲမှုလုပ်ရန် ဓာတုပစ္စည်းအချို့ကို အသုံးပြုထားကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။                        

Ref: Xinhua

MWD