တူရကီသမ္မတ အာဒိုဂန်က ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် တောင်းဆို
တူရကီနိုင်ငံသည် ရုရှားနှင့် ယူကရိန်းတို့အကြား ပဋိပက္ခများတိုးလာပြီး လများစွာကြာအောင် ဆွေးနွေးမှုများ ရပ်တန့်နေပြီးနောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ၎င်း၏နိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ပြန်လည်စတင်ရန် တောင်းဆိုလိုက်ကြောင်း သမ္မတ ရပ်ဂျစ် တာယစ် အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့သည်။
နိုဝင်ဘာလ ၁၉ ရက်နေ့က ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီး (Volodymyr Zelensky) နှင့် ပူးတွဲပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် သမ္မတ အာဒိုဂန်က "ယနေ့ တွေ့ဆုံမှုမှာ လက်တွေ့ကျသည့် ချဉ်းကပ်မှုနှင့် ရလဒ်များကိုဦးစားပေးပြီး အစ္စတန်ဘူလ် လုပ်ငန်းစဉ်ကို ပြန်လည်စတင်ဖို့လိုအပ်ကြောင်း မိမိတို့ အလေးပေးပြောကြားခဲ့ပါသည်" ဟု ပြောကြားခဲ့သည်။ ထို့ပြင် အစ္စတန်ဘူလ်တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ဒေသတွင်းမိတ်ဖက်အားလုံးက "အပြုသဘောဆောင်သော" ချဉ်းကပ်မှုကိုကျင့်သုံးရန် တူရကီက မျှော်လင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
သမ္မတ အာဒိုဂန်သည် စွမ်းအင်အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများ တိုးလာခြင်းနှင့် သေဆုံးမှုများပြားလာခြင်းတို့က နှစ်ဖက် စလုံးအတွက် "ပြန်လည်ပြုပြင်မရနိုင်သည့် ထိခိုက်နစ်နာမှု" များ ဖြစ်စေသည်ဟု အလေးထားပြောကြားခဲ့သည်။ ယနေ့၏ အရေးတကြီး ကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် "ပိုမိုပြည့်စုံသည့် မူဘောင်တစ်ခုနှင့် အစ္စတန်ဘူလ်လုပ်ငန်းစဉ်ကို ပြန်လည်စတင်ရန် လိုအပ်သည်" ဟုလည်း ၎င်းကယုံကြည်ကြောင်း ပြောဆိုခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ရှိသည့် တူရကီခေါင်းဆောင်က အန်ကာရာ (Ankara) သည် အပစ်အခတ် ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် မော်စကိုမှ ကမ်းလှမ်းချက်များကို ဆွေးနွေးရန် အမြဲတမ်း အသင့်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် တူရကီအနေဖြင့် အဆိုပါလုပ်ငန်းစဉ်တွင် အမေရိကန်ပြည်ထောင်စု၏ အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြုကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ယူကရိန်းသမ္မတ ဇီလန်စကီးက ၂၀၂၆ ခုနှစ်မတိုင်မီ ရုရှားနှင့် အကျဉ်းသား "အများအပြား" လဲလှယ်မှုကို ပြန်လည် စတင်နိုင်ရန် မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ထိုနေ့မှာပင် AFP နှင့် Reuters သတင်းဌာနများ၏ ဖော်ပြချက်အရ ယူကရိန်းသည် အမေရိကန်ပြည်ထောင်စုမှ ငြိမ်းချမ်းရေး အဆိုပြုချက် အသစ်ကို လက်ခံရရှိခဲ့သည်။ အဆိုပြုချက်တွင် ဝါရှင်တန်က ကိယက်ဗ် ကို ခရိုင်းမီးယား ကျွန်းဆွယ်နှင့် ရုရှားသိမ်းပိုက်ထားသောဒေသများကို မော်စကို၏ထိန်းချုပ်မှုကို အသိအမှတ်ပြုရန် တောင်းဆိုခဲ့ပြီး ၊ "ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့ဝင်ဦးရေကို ၄၀၀,၀၀၀ အထိ လျှော့ချရန်" နှင့် "တာဝေးပစ်လက်နက်များအားလုံးကို စွန့်လွှတ်ရန်" ဟု ပါဝင်သည်။ သို့သော် ရုရှားက မည်သို့လုပ်ဆောင်ရန် လိုအပ်မည်ကို ရှင်းလင်းစွာ မသိရှိရသေးပေ။
ယင်းအဆိုပြုချက်အသစ်သည် ရုရှားက ပဋိပက္ခကိုအဆုံးသတ်ရန် ယခင် က သတ်မှတ်ခဲ့သော အခြေအနေများကို ပြန်လည်ဖော်ပြပုံရပြီး ၊ ယူကရိန်း ကမူ ယင်းတို့ကို လက်နက်ချခြင်းအဖြစ် ထပ်ခါတလဲလဲ ပယ်ချခဲ့ဖူးသည်။ ရုရှားသည် လက်ရှိတွင် ယူကရိန်း၏ နယ်မြေအများအပြားကို ထိန်းချုပ် ထားဆဲ ဖြစ်သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
