အီရန်စစ်ပွဲတွင် UAE ပါဝင်လာနိုင်ကြောင်း WSJ ဖော်ပြ
အီရန်ကိုတိုက်ခိုက်နေသည့် အမေရိကန်-အစ္စရေးစစ်ပွဲတွင် ယူအေအီး (UAE) နိုင်ငံသည် ၎င်း၏စစ်တပ်ကို ပထမဆုံးပါဝင်စေမည့် ပင်လယ်ကွေ့ နိုင်ငံဖြစ်လာရန် ပြင်ဆင်နေကြောင်း Wall Street Journal က အာရပ် အရာရှိများကို ကိုးကား၍ ဖော်ပြခဲ့သည်။
လွန်ခဲ့သော တစ်လက ပဋိပက္ခစတင်ခဲ့ချိန်မှစ၍ UAE နိုင်ငံသည် အီရန်၏ ဒုံးကျည်နှင့်ဒရုန်းဖြင့် တိုက်ခိုက်မှုပေါင်း ၂,၅၀၀ ခန့် ခံခဲ့ရပြီး ၎င်းမှာ အစ္စရေးအပါအဝင် ဒေသတွင်းရှိ မည်သည့်နိုင်ငံထက်မဆို ပိုမို များပြားသော ပမာဏဖြစ်သည်။ တိုက်ပွဲများကြောင့် ဟော်မုဇ် ရေလက်ကြားမှာလည်း ထိရောက်စွာပိတ်ဆို့ခံထားရသဖြင့် UAE ၏ ရေနံထုတ်လုပ်မှုမှာ ထက်ဝက်ကျော် လျော့ကျသွားခဲ့ရုံမက ဒူဘိုင်းနှင့်အဘူဒါဘီ စတော့ စျေးကွက်များတွင်လည်း အမေရိကန်ဒေါ်လာ ၁၂၀ ဘီလီယံခန့် တန်ဖိုး ဆုံးရှုံးခဲ့ရသည်။
UAE အနေဖြင့် ရေနံကုန်သွယ်ရေးအတွက် ဟော်မုဇ်ရေလက်ကြားကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်လိုသဖြင့် အမေရိကန်အား စစ်ရေးအရ ကူညီရန် အသင့်ရှိနေကြောင်း အင်္ဂါနေ့ (မတ် ၃၁) က ထုတ်ဝေခဲ့သည့် WSJ ဆောင်းပါးတွင် ဖော်ပြထားသည်။
အဆိုပါ ရေလမ်းကြောင်းကို ထိန်းချုပ်နိုင်ရန်အတွက် ဥရောပနှင့် အာရှ နိုင်ငံများ ပါဝင်သော စစ်ရေးမဟာမိတ်အဖွဲ့တစ်ခု ဖွဲ့စည်းရန် UAE သံတမန် များက ဝါရှင်တန်အား သီးသန့်တိုက်တွန်းထားကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ ထို့အပြင် ဟော်မုဇ်ရေလက်ကြားတွင် အင်အားသုံးခွင့်ပြုမည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်တစ်ရပ် ထွက်ပေါ် လာစေရန်အတွက်လည်း UAE က စည်းရုံးလှုံ့ဆော်လျက်ရှိသည်။
အဘူဒါဘီခေါင်းဆောင်ပိုင်းသည် လက်ရှိတွင် မိုင်းရှင်းလင်းရေးနှင့် အခြားသောထောက်ပံ့ရေးလုပ်ငန်းများအပါအဝင် ရေလမ်းကြောင်း လုံခြုံရေးအတွက် စစ်ရေးအရမည်ကဲ့သို့ ပါဝင်ကူညီနိုင်မည်ကို တက်ကြွစွာ ရှာဖွေနေကြကြောင်း အရာရှိများက ပြောကြားခဲ့သည်။
တစ်ဆက်တည်းမှာပင် အီရန်က နှစ်ပေါင်း ၅၀ ကြာ ထိန်းချုပ်ထားသော်လည်း UAE က ၎င်း၏ပိုင်နက်အဖြစ် အခိုင်အမာဆိုထားသည့် Abu Musa အပါအဝင် ရေလက်ကြားရှိ ကျွန်းများကို အမေရိကန်က သိမ်းပိုက်ပေးစေလိုကြောင်း အာရပ်အရာရှိများက ထပ်လောင်းပြောဆိုခဲ့သည်။
သို့သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့ (မတ် ၃၁) တွင် ပြောကြားရာ၌ ဝါရှင်တန်အနေဖြင့် ၂ ပတ်မှ ၃ ပတ်အတွင်း ပဋိပက္ခမှ နုတ်ထွက်နိုင်ပြီး ထို့နောက်တွင် ဟော်မုဇ်ရေလက်ကြား၌ဖြစ်ပျက်သမျှနှင့် မည်သို့မျှ သက်ဆိုင်တော့မည်မဟုတ်ဟု ဆိုသည်။ ကမ္ဘာ့ ရေကြောင်းရေနံကုန်သွယ်မှု ၂၀ ရာခိုင်နှုန်း ဖြတ်သန်းရာ အဆိုပါ ရေလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ရန်မှာ ရေလက်ကြားကို အသုံးပြုမည့်သူတိုင်း၏ တာဝန်သာဖြစ်ကြောင်း ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
