Myanmar Fight မျိုးဆက်သစ် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ ကျင်းပ
ရန်ကုန် နိုဝင်ဘာ ၂၃
Myanmar Fight မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းရှိ သိမ်ဖြူအားကစားရုံ၌ ကျင်းပသည်။
ယင်းပြိုင်ပွဲတွင် သုံးချီတွဲဆိုင်း ကိုးဆိုင်းပါဝင်ပြီး မြတ်မင်းသန့်(YMA)နှင့် နိုင်းနိုင်း(အိုပါး)တို့ပွဲတွင် အစပိုင်း၌ သူတစ်ပြန်ကိုယ်တစ်ပြန် ထိုးသတ်နိုင်သော်လည်း တတိယအချီတွင် မြတ်မင်းသန့်၏ လက်သီး တွဲလုံးများထိမှန်ပြီး နိုင်းနိုင်း အမှတ်စဉ်နှစ်ကြိမ်ရေတွက်ခံရကာ ဆက်လက်မယှဉ်ပြိုင်နိုင်သည့်အတွက် မြတ်မင်းသန့် အလဲထိုးအနိုင်ရရှိသွားသည်။
ထို့အတူ စောအယ်ဟဲစိုး(WARRIORS)နှင့် နိုင်ဖြိုးအောင်(RAY)တို့ပွဲတွင် စောအယ်ဟဲစိုးက သူ၏လက်သီးတွဲလုံးများ၊ ခြေကန်ချက်များဖြင့် ဒုတိယအချီအရောက် ပြိုင်ဘက်နိုင်ဖြိုးအောင်ကို အလဲထိုးအနိုင်ယူသွားသည်။ ဒေါင်းမိုက်သွေး(Top-1)နှင့် လယ်တာမလာ(RAY)တို့ပွဲတွင် သူတစ်ပြန်ကိုယ်တစ်ပြန် ယှဉ်ပြိုင်ထိုးသတ် နိုင်ခဲ့သော်လည်း တတိယအချီတွင် လယ်တာမလာဒဏ်ရာ အနာတရဖြစ်ကာ ဆရာဝန်၏ဆုံးဖြတ်ချက်ဖြင့် ပြိုင်ဘက်ဒေါင်းမိုက်သွေးကို လယ်တာမလာ အရှုံးပေးလိုက်ရသည်။
အခြားပွဲစဉ်များဖြစ်သည့် ရာဇာထွန်း(RAY)နှင့် Star(HOC)၊ မိုးကြိုး(ပဲခူးကလပ်)နှင့် နိုင်ဇင်ဦး (ကျားဘုရင်)၊ ထက်ထက်(ရွှေပေါက္ကံ)နှင့် စိုးကြီး(အိုပါး)၊ ဆလိုင်းခရာတ်(YMA)နှင့် ငရဲ(SMART-FIGHT)၊ အေယားစ်ခန်း(ဇာထက်မိတ္ထီလာ)၊ Star(HOC)နှင့် ငွေဆန်းမင်း(Top-1)၊ ဝေယံမင်းသူ(ပဲခူးကလပ်)နှင့် ရဲမိုက်တီး(MK-1)တို့၏ပြိုင်ပွဲများတွင် လူငယ်ကစားသမားများပီပီ သူတင်ကိုယ်တင်ပရိသတ်အကြိုက် ထိုးသတ်ခဲ့ကြသော်လည်း အနိုင်အရှုံးမပေါ်ဘဲ အလူးအလဲဖြင့်ပူးတွဲ သရေပွဲများသာဖြစ်ခဲ့သည်။
ယနေ့ပြိုင်ပွဲအား အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် Myanmar Martial Art Group(MMAG)တို့ ပူးပေါင်းစီစဉ်ကာ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က အဓိကပံ့ပိုးကူညီ၍ မျိုးဆက်သစ် ရွက်ပုန်းသီးလက်ဝှေ့ကစားသမားများအား မြေတောင်မြှောက် စင်တင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
MWD
