အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး မည်သည့်အသင်းနှင့်မှ ဆက်သွယ်မှုမရှိကြောင်း တိုက်စစ်မှူး ဟယ်ရီကိန်းပြောကြား
ဘာလင် နိုဝင်ဘာ ၂၆
ဘိုင်ယန်မြူးနစ်အသင်း အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းက မိမိ၏အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး အလျင်စလိုဆုံးဖြတ်မည်မဟုတ်ဘဲ မည်သည့်အသင်းနှင့်မှ ဆက်သွယ်မှုမရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းက ဘာစီလိုနာအသင်းအနေ ဖြင့် ယခုဘောလုံးရာသီ အကုန်တွင် အသင်းနှင့်လမ်းခွဲ မည့် လီဝန်ဒေါစကီး၏နေရာ၌ ဟယ်ရီကိန်းနှင့် အစားထိုးရန်ပြင်ဆင်နေပြီး ဟယ်ရီကိန်းနှင့် ဆွေးနွေးမှုများပင် လုပ်ဆောင်လျက်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သည့်အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ ပြန်လည်ပြောင်းရွှေ့လိုကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ဟယ်ရီကိန်းသည် ၂၀၂၃ ခုနှစ်က စပါးအသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ကာ ယခုဘောလုံးရာသီတွင်လည်း ပြိုင်ပွဲစုံ ၂၃ ပွဲကစားပြီးချိန်တွင် ၂၇ ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု လေးကြိမ်ပြုလုပ်ထားကာ ဥရောပထိပ်တန်းလိဂ်များတွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ဦးဆောင်လျက်ရှိသူဖြစ်သည်။
ဟယ်ရီကိန်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့၏ စာချုပ်သက်တမ်းမှာ နှစ်နှစ်ကျန်ရှိနေသေးသော်လည်း စပါးအသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့စဉ်ကတည်းက ၂၀၂၆ ခုနှစ် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ကစားလိုသည့် အသင်းသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၆၅ သန်းဖြင့် ပြောင်းရွှေ့နိုင်သည်ဟု ပါရှိထားသည့်အတွက် ဟယ်ရီကိန်းအနေဖြင့် ၂၀၂၆ ခုနှစ် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် နည်းပါးသည့်ပြောင်းရွှေ့ကြေးဖြင့် အသင်းမှထွက်ခွာခွင့်ရရှိထားခြင်းဖြစ်သည်။
ဟယ်ရီကိန်းက "ကျွန်တော့်ရဲ့အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အလျင်စလိုဆုံးဖြတ်မှာ မဟုတ်ပါဘူး။ ကျွန်တော် ဘယ်အသင်းနဲ့မှလည်း ဆက်သွယ်မှုမရှိပါဘူး။ လက်ရှိအချိန်မှာ စာချုပ်သစ်အတွက် ဘိုင်ယန်မြူးနစ် အသင်းနဲ့ မဆွေးနွေးရသေးဘူး ဆိုပေမယ့် အဆင်ပြေပါတယ်။ ကျွန်တော် ဘိုင်ယန်မြူးနစ် အသင်းမှာ တကယ်ပျော်ပါတယ်" ဟု ပြောကြားခဲ့ကြောင်း သိရသည်။
MWD
