စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု ကာယဉာဏပြိုင်ပွဲ ပြပွဲများနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

News Image

  • စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု ကာယဉာဏပြိုင်ပွဲ ပြပွဲများနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ရန်ကုန်    နိုဝင်ဘာ    ၂၆

 စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် ကာယ၊ ဉာဏပြိုင်ပွဲများ၊ အသိပညာပေးပြပွဲများနှင့် ဆုချီးမြှင့်ပွဲကို နိုဝင်ဘာလ ၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(ဆိပ်ကမ်း)မြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးဖြိုးသူမောင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးဇော်မျိုးထွဋ်က    မုဒိတာစကားပြောကြားပြီး     စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနားဖြစ်မြောက်ရေး ကူညီဆောင်ရွက်ပေးကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ထို့နောက် စာပေပညာရှင်တစ်ဦးက စာပေ၏ အကျိုးကျေးဇူးများအား အသိပညာပေးဟောပြောသည်။ ယင်းနောက် ကာယ၊ ဉာဏပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက  ဆုများအသီးသီး ချီးမြှင့်ပေးအပ်ကြသည်။

စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပညာရေးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အခြေခံပညာမူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အခြေခံပညာအလယ်တန်းအဆင့်နှင့် အခြေခံပညာ အထက်တန်းအဆင့်   ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊   စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ကဗျာစပ်ဆိုပြိုင်ပွဲ၊  စာစီစာကုံးပြိုင်ပွဲ၊  လူငယ်စကားဝိုင်းနှင့် အားကစားနည်းပြိုင်ပွဲများ ကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊  မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ  တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ထို့နောက် အခမ်းအနား တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။      

MWD