ပျဉ်းမနားမြို့၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုအထိမ်းအမှတ် မသန်စွမ်း အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

News Image

  • ပျဉ်းမနားမြို့၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုအထိမ်းအမှတ် မသန်စွမ်း အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

နေပြည်တော်   ဒီဇင်ဘာ    ၁

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃ ရက်တွင် ကျရောက်မည့်    အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ်  အကြိုလှုပ်ရှားမှု မသန်စွမ်းအားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အားကစားဝါသနာရှင်များနှင့် မသန်စွမ်းအားကစားသမားများ  တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မသန်စွမ်းအားကစားပြိုင်ပွဲတွင် အပြေးပြိုင်ပွဲအကြီးတန်းအဆင့် (ကျား/မ)၊ အပြေးပြိုင်ပွဲအငယ်တန်းအဆင့် (ကျား/မ)၊ ဝှီးချဲလ်အပြေးပြိုင်ပွဲ(ကျား/မ)၊ သံလုံးပစ်ပြိုင်ပွဲ(ကျား/မ)၊ သံပြားပစ်ပြိုင်ပွဲ(ကျား/မ)၊ လှံတံပစ်ပြိုင်ပွဲ(ကျား/မ) ယှဉ်ပြိုင် ကစားနေမှုကို   ကြည့်ရှုအားပေးကြပြီး အားကစားပြိုင်ပွဲများအလိုက် ဆုရရှိကြသည့် မသန်စွမ်း အားကစားသမားများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို လည်းကောင်း၊ နေပြည်တော်အမျိုးသမီး ရေးရာအဖွဲ့နာယက၊  ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက    မသန်စွမ်းအမျိုးသမီးများအတွက် အလှူငွေများကို လည်းကောင်း ပေးအပ် ချီးမြှင့်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဇမ္ဗူသီရိမြို့နယ်  သုခသိဒ္ဓိရပ်ကွက်ရှိ ဆောက်လုပ်ရေး ရှင်းလင်းဆောင်၌ ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီသော ပစ္စည်းများအသုံးပြုရေးနှင့် သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိအောင်‌ ဆောင်ရွက်ရေး  ဆွေးနွေးမှာကြားသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည်   နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် ဒီဇင်ဘာအားကစားလ  အားကစားလှုပ်ရှားမှုများ ကျင်းပရေးနှင့်  အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး  ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ထို့နောက် နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုးက နေပြည်တော် အားကစားအသင်းများ အဆင့်မီဝင်ရောက် ယှဉ်ပြိုင်ရေး၊ အောင်မြင်မှုရရှိရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကိုလည်းကောင်း၊  နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးက ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများသို့ နေပြည်တော် အားကစားအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက်ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း   သိရသည်။     

MWD