ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ထိုင်းနိုင်ငံသား ငါးဦးကို မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။
ထိုသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ရာတွင် မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းတို့၏ ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးအရာရှိ ဦးနေလင်းနှင့် တာဝန်ရှိသူများက ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ Deputy Inspector, Mr. Bhudiz Karunayadhaj နှင့် တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများနှင့်အတူ စနစ်တကျ လွှဲပြောင်းပေးအပ်သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဒီဇင်ဘာ ၁၉ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၀၅၈ ဦးအား ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသား အားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၁၇၄၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပ နိုင်ငံသား ၂၃၁၃ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်း ထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA
