အီရန်သို့ ခြေလျင်တပ်များစေလွှတ်ရေးနှင့်ပတ်သက်၍ အမေရိကန်ကို ခန့်မှန်းရခက်နေစေရမည်ဟု Hegseth ဆို
အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က အီရန်နိုင်ငံသို့ အမေရိကန်ခြေလျင်တပ်များ စေလွှတ်ခြင်းနှင့်ပတ်သက်လာလျှင် အမေရိကန်စစ်တပ်အနေဖြင့် “ကြိုတင်ခန့်မှန်းရခက်သူ” ဖြစ်နေစေရန် ရည်ရွယ်ထားကြောင်း အင်္ဂါနေ့ (မတ် ၃၁) တွင် ပြောကြားခဲ့သည်။ ၎င်းက “မိမိတို့ ဘာလုပ်ဖို့ အစီအစဉ်ရှိတယ်၊ ဘာကိုတော့ လုပ်မှာမဟုတ်ဘူးဆိုတာမျိုး ရန်သူကို ကြိုပြောနေမယ်ဆိုရင် စစ်ပွဲကို တိုက်ခိုက်အောင်နိုင်ဖို့ မဖြစ်နိုင်ပါဘူး၊ အဲဒီထဲမှာ ခြေလျင်တပ်တွေ စေလွှတ်ရေးကိစ္စလည်း ပါဝင်ပါတယ်” ဟု ဆိုသည်။
ဆက်လက်၍ Hegseth က “လက်ရှိမှာ ကျွန်တော်တို့ရဲ့ ရန်သူက သူတို့ဆီကို ခြေလျင်တပ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်နိုင်တဲ့ နည်းလမ်းပေါင်း ၁၅ ခုလောက် ရှိနိုင်တယ်လို့ ထင်နေကြတယ် ၊ တကယ်တော့လည်း အဲဒီအတိုင်းပါပဲ၊ နည်းလမ်းတွေ အများကြီးရှိပါတယ်” ဟု ပြောကြားခဲ့သည်။
လိုအပ်ပါက အမေရိကန်အနေဖြင့် ထိုရွေးချယ်စရာ နည်းလမ်းများကို အကောင်အထည်ဖော်နိုင်သည်ဟု ၎င်းက ဆိုသည်။ “ဒါမှမဟုတ် အဲဒီနည်းလမ်းတွေကို သုံးဖို့တောင် လိုချင်မှလိုပါလိမ့်မယ် ၊ ဆွေးနွေးညှိနှိုင်းမှုတွေက အလုပ်ဖြစ်သွားနိုင်သလို တခြားချဉ်းကပ်ပုံမျိုးလည်း ရှိနိုင်ပါတယ် ၊ အဓိကအချက်ကတော့ အဲဒီကိစ္စမှာ ကြိုတင်ခန့်မှန်းလို့ မရအောင် လုပ်ထားဖို့ပါပဲ ၊ ကိုယ်ဘာလုပ်မယ် မလုပ်ဘူးဆိုတာကို ဘယ်သူ့ကိုမှ အသိမပေးဖို့က အသေအချာပါပဲ” ဟု ပြောကြားခဲ့သည်။
ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Dan Caine ကလည်း အမေရိကန်တပ်ဖွဲ့များ အကောင်အထည်ဖော်နိုင်သည့် စစ်ရေးဆိုင်ရာ ရွေးချယ်စရာနည်းလမ်းများမှာ အလွန်ကျယ်ပြန့်ကြောင်းနှင့် ဒေသတွင်းသို့ တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားခြင်းသည် မြေပြင်စစ်ဆင်ရေးအတွက် သာ ရွေးချယ်စရာများကို ပေးစွမ်းခြင်းမဟုတ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
“သမ္မတရဲ့ ဆုံးဖြတ်ပိုင်ခွင့် နယ်ပယ်ကို ကျွန်တော် ကျော်လွန်ပြောဆိုမှာ မဟုတ်ပေမဲ့ လုပ်ဆောင်နိုင်တဲ့ အရာတွေ အများကြီးရှိပါတယ် ၊ အီရန် အနေနဲ့ သတိပြုသင့်တာကတော့ အမေရိကန်တပ်တွေဟာ အဲဒီမှာ ရှိနေပြီးသားဖြစ်သလို ဖိအားပေးနိုင်တဲ့အချက်လည်း ဖြစ်နေတယ် ဆိုတာပါပဲ၊ ဒါကြောင့် သူတို့အနေနဲ့ သံတမန်ရေးရာ အဆင့်မှာရော သူတို့ရှေ့မှာ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကိုပါ သေချာ စဉ်းစားသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
