BJT ခေါင်းဆောင် အနုတင်က 'စိန်ခေါ်မှု ၄ ရပ်' မူဝါဒဖြင့် ဘန်ကောက်မြို့တော်၌ အနိုင်ရရန် ကြိုးပမ်း
BJT ပါတီခေါင်းဆောင်နှင့် ဝန်ကြီးချုပ်လောင်းဖြစ်သူ အနုတင် ချာန်ဗီရာကူးလ် (Anutin Charnvirakul) သည် ပါတီ၏ ဘန်ကောက်မြို့တော် မဲဆွယ် စည်းရုံးရေးခရီးစဉ်ကို ကြာသပတေးနေ့ (ဇန်နဝါရီ ၈) တွင် စတင်ခဲ့ပြီး၊ ပြည်သူ့ဘဝရပ်တည်မှုနှင့် နိုင်ငံတော်တည်ငြိမ်ရေးကို ကာကွယ်ရန် အတွက် ၎င်းက "ဘက်စုံလွှမ်းခြုံသော စိန်ခေါ်မှု ၄ ရပ်" မူဘောင် အစီအစဉ် ကို ချပြကာ ၎င်းတို့ပါတီကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိရေး မဲပေးရန် မဲဆန္ဒရှင်များကို တိုက်တွန်းခဲ့သည်။
Huai Khwang နယ်မြေအတွင်း မဲဆွယ်စည်းရုံးရာတွင် အနုတင်သည် ရပ်ကွက်များအတွင်း ဆိုင်ကယ်ဖြင့်လှည့်လည်ကာ နယ်မြေ ကိုယ်စားလှယ် လောင်းများအတွက် မဲဆွယ်ပေးခဲ့သဖြင့် ဒေသခံများမှာ အံ့အားသင့်ခဲ့ ကြသည်။ ၎င်းက ယခုကဲ့သို့ အလွတ်သဘောချဉ်းကပ်မှုကို ပါတီ၏ "သဘာဝ ကျကျ" (Organic style) မဲဆွယ်မှုပုံစံဖြစ်သည်ဟု ဖော်ပြ ခဲ့သည်။
အနုတင်သည် လွန်ခဲ့သည့် သုံးလတာ အစိုးရအဖွဲ့အတွင်း ပါတီ၏ လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ်ခဲ့ပြီး၊ အများပြည်သူအကြား ရေပန်းစားခဲ့သည့် "Khon La Khrueng Plus" (ကုန်ကျစရိတ် ဝေမျှကျခံစနစ်) ကို ပြည်သူများက ကြိုဆိုလက်ခံသော လက်တွေ့ကျသည့် မူဝါဒ တစ်ခု အဖြစ် မီးမောင်းထိုးပြခဲ့သည်။ အကယ်၍ အာဏာပြန်ရခဲ့ပါက BJT ပါတီ အနေဖြင့် ယင်းစီမံကိန်း၏ ဒုတိယအဆင့်နှင့် နောက်ဆက်တွဲ အဆင့် များကို ချက်ချင်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ၎င်းက ကတိပြုခဲ့သည်။
"မိမိတို့သည် တခြား မည်သည့်အရာထက်မဆို လူသားတွေကိုသာ ပထမ ဦးစားပေး စဉ်းစားပါသည် ၊ မိဘတွေ ၊ မိသားစုတွေနှင့် လူမှု အသိုက်အဝန်း တွေကိုပေါ့" ဟု ၎င်းက ပြောကြားခဲ့ပြီး၊ လူနေမှုစရိတ် ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးမည့်အပြင် အခြေခံလူတန်းစားများ၏ သုံးစွဲမှုကို မြှင့်တင် ပေးနိုင်မည့်မူဝါဒများကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားရန် ပါတီက အသင့် ရှိနေကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။
၎င်းက "ကျွမ်းကျင်မှုရှိပြီး လုပ်ငန်းခွင်ဝင်ရန် အသင့်ဖြစ်နေသည့်" ဝန်ကြီးအဖွဲ့ကိုလည်း ညွှန်းဆိုခဲ့ပြီး ဘဏ္ဍာရေးမူဝါဒနှင့် Khon La Khrueng Plus စီမံကိန်းကို ကြီးကြပ်ရန် Ekniti Nitithanprapas ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကိစ္စရပ်များကို ဦးဆောင်ရန် Suphajee Suthumpun နှင့် နိုင်ငံခြားရေးမူဝါဒကို ကိုင်တွယ်ရန် Sihasak Phuangketkeow တို့ ပါဝင်သည်။ ၎င်းတို့တစ်ဦးချင်းစီသည် သက်ဆိုင်ရာကဏ္ဍများတွင် ထူးချွန် ကြောင်း သက်သေပြပြီးသော ပညာရှင်များဖြစ်သည်ဟု ၎င်းက ဆိုသည်။
ပါတီ၏ မဲဆွယ်ဆောင်ပုဒ်အသစ်ဖြစ်သော "ပြောသည့်အတိုင်း လုပ်သည် - ပို၍ပင် လုပ်ပေးမည်" (Said and Done -- Plus) ဆိုသည်မှာ ကတိ ကဝတ်များကို တည်ရုံသာမက ယင်းထက်ပို၍ တိုးမြှင့် ဆောင်ရွက် ပေးမည် ဟူသောကတိကို အလေးပေးဖော်ပြထားခြင်း ဖြစ်သည်။
ဘန်ကောက်မြို့တော်တွင် ယခင်က အနိုင်ရဖူးသည့် ရာဇဝင် မရှိသော်လည်း မဲဆန္ဒရှင်များ၏ အသည်းစွဲဖြစ်လာရန် မည်သို့ဆောင်ရွက်မည်နည်းဟု မေးမြန်းရာတွင် ၎င်းတို့ပါတီအနေဖြင့် စီးပွားရေး စိန်ခေါ်မှု ၊ လုံခြုံရေး စိန်ခေါ်မှု ၊ သဘာဝဘေး စိန်ခေါ်မှု နှင့် လူမှုရေး စိန်ခေါ်မှု ဟူသော "စိန်ခေါ်မှု ၄ ရပ်" ကို ကိုင်တွယ်မည့် ရှင်းလင်းပြတ်သားသော အစီအစဉ်များ ရှိထားကြောင်း အနုတင်က ဖြေကြားခဲ့သည်။ ၎င်းက ဘန်ကောက်တွင် ပါတီ၏ အခြေအနေအပေါ် ယုံကြည်မှုရှိသော်လည်း နောက်ဆုံး ဆုံးဖြတ်ချက် မှာ မဲဆန္ဒရှင်များအပေါ်တွင်သာ မူတည်ကြောင်း အလေးအနက် ပြောဆို ခဲ့သည်။
ပြိုင်ဘက်ပါတီများ၏ မူဝါဒများကို တိုက်ခိုက်မှုများအပေါ် ငြင်းပယ်ခဲ့ပြီး၊ အခြားသူများကို အပုပ်ချခြင်းသည် ပြည်သူအတွက် အကျိုးမရှိကြောင်း အနုတင်က အချေအတင် ပြောဆိုခဲ့သည်။ "နိုင်ငံရေးပါတီများသည် တစ်ဖက်သားကို သိက္ခာချခြင်းမျိုးမဟုတ်ဘဲ ကိုယ့်၏မူဝါဒတွေကို ပိုမို ခိုင်မာအောင် လုပ်ဆောင်ခြင်းဖြင့်ပဲ ယှဉ်ပြိုင်သင့်ပါသည်" ဟု ၎င်းက ပြောကြား ခဲ့ပြီး၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ အကောင်းဆုံးသော အကြံဉာဏ်များသည် ပြည်သူ့ထံသို့ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
