ယူကရိန်းက ထိန်းသိမ်းထားသည့် နောက်ဆုံးကျန်ရှိနေသော ကူးစ်ခ် (Kursk) အရပ်သားများ ရက်ပေါင်း ၅၀၀ အကြာတွင် ပြန်လည် လွတ်မြောက်လာ
၂၀၂၄ ခုနှစ်အတွင်း ယူကရိန်း၏ ကူးစ်ခ်ဒေသ ကျူးကျော်မှုအတွင်း ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည့် နောက်ဆုံးကျန်ရှိနေသော ရုရှားအရပ်သား ၇ ဦး သည် ရက်ပေါင်း ၅၀၀ နီးပါးအကြာတွင် ပြန်လည် လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း ရုရှားအာဏာပိုင်များက အတည်ပြုခဲ့သည်။
၎င်းတို့သည် စနေနေ့ (ဧပြီ ၁၁) က ပြုလုပ်ခဲ့သည့် စစ်သည် ၁၇၅ ဦးစီ အပြန်အလှန်လဲလှယ်သော အကျဉ်းသားလဲလှယ်မှု အစီအစဉ်၏ အစိတ်အပိုင်း အဖြစ် လွတ်မြောက်လာခြင်းဖြစ်သည်။ ရုရှားလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ တာတျာနာ မော့စ်ကာလ်ကိုဗာ၏ အဆိုအရ ၂၀၂၄ ခုနှစ်မှ စ၍ ကူးစ်ခ်ဒေသခံ စုစုပေါင်း ၁၆၅ ဦးသည် ယူကရိန်းဘက်တွင်ဓားစာခံအဖြစ် ထိန်းသိမ်းခံခဲ့ရပြီး၊ ယခုအခါ အားလုံးကို အိမ်ပြန် ခေါ်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
ယခုလွတ်မြောက်လာသည့် အရပ်သား ၇ ဦးထဲတွင် အသက် ၉၁ နှစ် အရွယ် အပါအဝင် အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၂ ဦး ပါဝင်ကာ၊ ၎င်းတို့ အနက် အချို့မှာ မျက်စိကွယ်ခြင်းနှင့် ပြင်းထန်သော ကျန်းမာရေး ပြဿနာများ ခံစားနေရသဖြင့် လိုအပ်သော ဆေးကုသမှုများ စီစဉ်ပေးနေပြီဖြစ်သည်။
ရုရှားဘက်က ယူကရိန်း၏ လုပ်ရပ်ကို နိုင်ငံတကာစံနှုန်းများ ချိုးဖောက်ကာ အပြစ်မဲ့အရပ်သားများကို တရားမဝင် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့ပြီး ယူကရိန်းဘက်ကမူ ယင်းအရပ်သားများကို ရုရှားတွင် ဖမ်းဆီးထားသည့် ၎င်းတို့၏ စစ်ရာဇဝတ်သားများနှင့် လဲလှယ်ရန် ကြိုးပမ်းခဲ့သော်လည်း ရုရှားက လက်မခံခဲ့ပေ။
စစ်ရေးအခြေအနေအရ ယူကရိန်း၏ ကူးစ်ခ်ဒေသ ကျူးကျော်မှုသည် ၂၀၂၅ ခုနှစ် ဧပြီလတွင် အပြီးသတ် ချေမှုန်းခံခဲ့ရသော်လည်း ထိုဒေသကို ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် နေရာများတွင် ရုပ်အလောင်း ၅၂၄ လောင်းကို တွေ့ရှိခဲ့ရကြောင်း သိရှိ ရသည်။
ထို့အပြင် ယူကရိန်းတပ်ဖွဲ့များ ရှိနေစဉ်အတွင်း မုဒိမ်းမှု၊ ပြန်ပေးဆွဲမှုနှင့် နှိပ်စက်ညှင်းပန်းမှုများ အပါအဝင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည် ဟူသော ထွက်ဆိုချက်များစွာကိုလည်း ရုရှားအရာရှိများက အစီရင်ခံ တင်ပြထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
