အမေရိကန်ထက် အီရန်က ပိုမိုအသာစီးရနေပြီး ‘ကြောက်မက်ဖွယ် စွမ်းဆောင်ရည်’ ရှိနေကြောင်း စေ့စပ်ညှိနှိုင်းရေးမှူးဟောင်း သုံးသပ်

News Image

  • အမေရိကန်ထက် အီရန်က ပိုမိုအသာစီးရနေပြီး ‘ကြောက်မက်ဖွယ် စွမ်းဆောင်ရည်’ ရှိနေကြောင်း စေ့စပ်ညှိနှိုင်းရေးမှူးဟောင်း သုံးသပ်

အမေရိကန်နှင့် အီရန်တို့အကြား ၂၁ နာရီကြာ ရှည်လျားသောဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း တစ်စုံတစ်ရာ သဘောတူညီချက် မရရှိဘဲ ပြီးဆုံးသွားခဲ့ပြီးနောက် အီရန်နိုင်ငံသည် အမေရိကန်ထက် ပိုမို သာလွန်သောအနေအထားတွင် ရှိနေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အရှေ့အလယ်ပိုင်းဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးမှူးဟောင်း Aaron David Miller က သုံးသပ်ပြောကြားလိုက်သည်။ ၎င်းက အီရန် သည် လိုက်လျောမှုများ ပြုလုပ်ရန် အလျင်စလိုမရှိဘဲ အမေရိကန်ထက် ပိုမိုနှေးကွေးသော အချိန်ဇယားတစ်ခုပေါ်တွင် မဟာဗျူဟာမြောက် လုပ်ဆောင်နေကြောင်း CNN သို့ ပြောကြားခဲ့သည်။

Miller ၏ အဆိုအရ အီရန်အစိုးရသည် လက်ရှိတွင် သန့်စင်မှုအဆင့်မြင့် ယူရေနီယမ် (Highly Enriched Uranium) များကို ဆက်လက် ပိုင်ဆိုင် ထားသည့်အပြင် ကမ္ဘာ့ရေနံကုန်သွယ်မှုအတွက် အရေးပါသော ဟော်မုဇ် ရေလက်ကြားကိုလည်း အောင်မြင်စွာ ထိန်းချုပ်စီမံထားနိုင်ကြောင်း သိရှိ ရသည်။ ထို့အပြင် အီရန်သည် ၎င်း၏ ပထဝီဝင်အနေအထားကို လက်နက်သဖွယ် အသုံးချနိုင်စွမ်းရှိကြောင်း သက်သေပြခဲ့ပြီး ဒေသတွင်း လုံခြုံရေး နှင့်တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်နိုင်သည့် ‘ကြောက်မက်ဖွယ်ကောင်းသော စွမ်းဆောင်ရည်’ များရှိနေခြင်းက အီရန်အတွက် အသာစီးရစေမည့် အချက်များ ဖြစ်လာစေသည်ဟု ၎င်းက ဆိုသည်။

နောက်ဆုံးအနေဖြင့် Miller က အီရန်သည် ဆွေးနွေးပွဲများမှ လက်ဗလာဖြင့် ပြန်လှည့်သွားမည့်အစား အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ရေးအရ တိုက်ခိုက်မှုများကို ရင်ဆိုင်ရမည့် ဘေးအန္တရာယ် (Risk) ကိုသာ ပိုမို ရွေးချယ်လိမ့်မည်ဟု ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ယင်းအချက်က အီရန် သည် ၎င်းတို့၏ ရပ်တည်ချက်ကို လွယ်လွယ်ကူကူ လျှော့ပေးမည်မဟုတ်ကြောင်း ဖော်ပြနေခြင်းလည်း ဖြစ်သည်။

ကိုးကား- CNN

Photo: Instagram

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး