အီရန်နိုင်ငံအနေဖြင့် နောက်ထပ်ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန် အစီအစဉ် မရှိကြောင်း အီရန်မီဒီယာများ ဖော်ပြ
အီရန်နိုင်ငံအနေဖြင့် နောက်ထပ်ဆွေးနွေးပွဲများ ပြုလုပ်ရန်အစီအစဉ်မရှိသေးကြောင်း ဆွေးနွေးပွဲအဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ အီရန်အစိုးရပိုင် Fars သတင်းဌာနက တနင်္ဂနွေနေ့ (ဧပြီ ၁၂) တွင် ဖော်ပြခဲ့သည်။
Fars သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါသတင်းရင်းမြစ်က "အီရန်သည် အလျင်စလိုမရှိကြောင်းနှင့် အမေရိကန်ဘက်က ကျိုးကြောင်း ဆီလျော်သော သဘောတူညီချက်ကို လက်မခံမချင်း ဟော်မုဇ်ရေလက်ကြား၏ အခြေအနေမှာ ပြောင်းလဲလာမည်မဟုတ်ကြောင်း" ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်မြို့တွင် နှစ်ဖက်အကြား တစ်ညလုံး အချိန်ကြာမြင့်စွာ ဆွေးနွေးခဲ့ကြသော်လည်း စစ်ပွဲကိုအဆုံးသတ်ရန် သဘောတူညီချက် တစ်စုံတစ်ရာ မရရှိဘဲ ပြီးဆုံးခဲ့သည်။
အမေရိကန် ဒုတိယသမ္မတ JD Vance က ယခုရလဒ်သည် အီရန်အတွက် သတင်းဆိုးဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း အီရန် ဒုတိယသမ္မတ ဟောင်း Ataollah Mohajerani ကမူ "ပို၍ ဆိုးရွားသောသတင်းမှာ အမေရိကန်အတွက်သာ ဖြစ်သည်" ဟု Fars သို့ ပြောကြားခဲ့သည်။
"အမေရိကန်သည် ဆွေးနွေးရန် ကမ်းလှမ်းခဲ့သည်၊ ကြားခံညှိနှိုင်းသူကို စီစဉ်ခဲ့သည်၊ ဆွေးနွေးပွဲအတွက် အီရန်၏ အချက် (၁၀) ချက်ကိုလည်း သဘောတူခဲ့သည်၊ သို့သော် ၎င်းတို့သည် စစ်မြေပြင်တွင် မရရှိခဲ့သည့်အရာများကို ဆွေးနွေးပွဲစားပွဲပေါ်တွင် ရယူရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်" ဟု Mohajerani က ဆိုသည်။
အီရန်ကိုယ်စားလှယ်အဖွဲ့သည် အစ္စလာမ်မာဘတ်မြို့မှ အရှေ့ဘက်စံတော်ချိန် သန်းခေါင်ယံအချိန်ခန့်တွင် ထွက်ခွာသွားပြီဖြစ်ကြောင်း အစိုးရ မီဒီယာများက ဖော်ပြခဲ့ကြသည်။
ကိုးကား- CNN
Photo: Luxembourg Times
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
