လန်ဒန်မြို့လယ်ရှိ Rolex နာရီဆိုင်ကို လက်နက်ကိုင်ဂိုဏ်းတစ်ခု စီးနင်းတိုက်ခိုက်၊ တန်ဖိုးကြီးပစ္စည်းများပါသွားကြောင်း ရဲတပ်ဖွဲ့ ပြောကြား
လန်ဒန်မြို့လယ်ရှိ Rolex လက်ပတ်နာရီအရောင်းဆိုင်တစ်ခုကို လက်နက်ကိုင်ဓားပြဂိုဏ်းတစ်ခုက ဝင်ရောက်စီးနင်းခဲ့ပြီး တန်ဖိုးကြီး ပစ္စည်းများကို လုယက်ယူဆောင်သွားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အဆိုပါဖြစ်စဉ်မှာ အင်္ဂါနေ့ (ဇန်နဝါရီ ၂၀) က Knightsbridge အရပ်ရှိ One Hyde Park အိမ်ရာစီမံကိန်းအနီးတွင် တည်ရှိသော Bucherer Rolex Boutique ဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၂၁) တွင် မြို့တော်ရဲတပ်ဖွဲ့ (Metropolitan Police) မှ ထုတ်ပြန်ချက်အရ မော်တော်ဆိုင်ကယ်စီး ဦးထုပ်များ ဆောင်းထားသည့် သံသယရှိသူ ၆ ဦးသည် ဆိုင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။ ၎င်းတို့အနက် အချို့မှာ ငှက်ကြီးတောင်ဓားရှည်များဖြင့် ဆိုင်ဝန်ထမ်းများနှင့် ပတ်ဝန်းကျင်ကို ခြိမ်းခြောက်ခဲ့ပြီး မှန်ပြတင်းပေါက် များကို ရိုက်ခွဲကာ နာရီအမြောက်အမြားကို ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။ ယင်းစီးနင်းမှုမှာ ၃ မိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။ ဖြစ်စဉ် အတွင်း ထိခိုက်ဒဏ်ရာရသူမရှိသော်လည်း ယခုအချိန်ထိ တစ်စုံတစ်ဦးကိုမျှ ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။
အခင်းဖြစ်ပွားရာနေရာမှ ပျံ့နှံ့လာသည့် ပုံရိပ်များအရ ၎င်းဓားပြဂိုဏ်းသည် ဆိုင်တံခါးကို Moped ဆိုင်ကယ်ဖြင့် ဝင်တိုက်ဖျက်ဆီးကာ ဝင်ရောက် ခဲ့ပြီး၊ အပြင်တွင် ရပ်ထားသည့် အခြားဆိုင်ကယ် ၄ စီးဖြင့် ထွက်ပြေး လွတ်မြောက်သွားခဲ့ကြသည်။ ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သည့် ဆိုင်ကယ်တစ်စီးကိုမူ ဆိုင်အတွင်း၌ပင် ထားရစ်ခဲ့ကြောင်း သိရှိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
