ကမ္ဘာ့အစီအစဉ်သည် 'ရင်သပ်ရှုမောဖွယ် အရှိန်နှုန်းဖြင့်' ပြိုပျက်နေသည် ဟု ဂျာမနီဝန်ကြီးချုပ်က ပြောကြား

News Image

  • ကမ္ဘာ့အစီအစဉ်သည် 'ရင်သပ်ရှုမောဖွယ် အရှိန်နှုန်းဖြင့်' ပြိုပျက်နေသည် ဟု ဂျာမနီဝန်ကြီးချုပ်က ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်းကို ထိန်းချုပ်ရန် ကြိုးပမ်းမှုများကြောင့် မဟာမိတ်အဖွဲ့အတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ် နေစဉ် ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ် မာ့ဇ်က ဥရောပနိုင်ငံများအနေဖြင့် NATO အပေါ်ထားရှိသောယုံကြည်မှုကို ပြန်လည်ဆန်းသစ်ကြရန် တိုက်တွန်း လိုက်ပြီး ကမ္ဘာ့အစီအစဉ်သစ်သည် ပြောင်းလဲနေပြီဖြစ်ကြောင်း ကမ္ဘာ့ စီးပွားရေးဖိုရမ် (WEF) မိန့်ခွန်းတွင် သတိပေးပြောကြားခဲ့သည်။

“မိမိတို့ NATO ကို လက်မလျှော့သင့်ပါ” ဟု ၎င်းက ကြာသပတေးနေ့ (ဇန်နဝါရီ ၂၂) တွင် ပြောကြားခဲ့သည်။ “မဟာမိတ် အဖွဲ့ တည်ဆောက် ထားသည့် ယုံကြည်မှုကို မိမိတို့ ပြန်လည်ပြုပြင်ရပါမည် ၊ ဥရောပ ကတော့ ထိုအဖွဲ့အစည်းသည် မည်မျှ တန်ဖိုးရှိသလဲဆိုတာ သိပါသည် ၊ ယင်းက အမေရိကန်အတွက် အင်အားအကောင်းဆုံးယှဉ်ပြိုင်မှုဆိုင်ရာ အားသာချက်တစ်ခု ဖြစ်လာနိုင်သည်ဟုလည်း မိမိတို့ အခိုင်အမာ ခံစား ရပါသည်” ဟု ဆိုသည်။

ဂရင်းလန်းကျွန်းကို ပိုင်ဆိုင်လိုသည့် ထရမ့်၏ တောင်းဆိုချက်များနှင့် ဥရောပမဟာမိတ်များအပေါ် အကောက်ခွန်များစည်းကြပ်မည်ဟူသော ခြိမ်းခြောက်မှုများကြောင့် တစ်ပတ်ကြာ သံတမန်ရေးရာရှုပ်ထွေးမှုများ ဖြစ်ပေါ်ပြီးနောက် မာ့ဇ်က ဒိန်းမတ်နိုင်ငံနှင့် အာတိတ်ကျွန်းတို့အပေါ် ဂျာမနီ၏ထောက်ခံမှုကို ထပ်လောင်း အတည်ပြုခဲ့သည်။

“ရုရှား၏ ခြိမ်းခြောက်မှုတွေကနေ ဒိန်းမတ်၊ ဂရင်းလန်းနှင့် မြောက်ဘက် ဒေသတွေကို မိမိတို့ ကာကွယ်သွားမှာပါ” ဟု ဆိုကာ “အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုဆိုသည့် အတ္တလန္တိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံရေး၏ အခြေခံမူတွေကိုလည်း ဆက်လက် ထိန်းသိမ်း သွားမည်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဂရင်းလန်းနှင့်ပတ်သက်၍ သဘောတူညီမှု မူဘောင်တစ်ခု ပေါ်ပေါက် လာပြီ ဟူသော ထရမ့်၏ ထုတ်ပြန်ချက်ကို ရည်ညွှန်းလျက် “ထိုအခြေခံမူ တွေအပေါ် မူတည်ပြီး ဒိန်းမတ်နှင့် အမေရိကန်ကြား ဆွေးနွေးမှုတွေကို မိမိတို့ ထောက်ခံပါသည်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ဂရင်းလန်းကို အင်အားသုံး သိမ်းပိုက်မည်မဟုတ်ကြောင်း ထရမ့်၏ ပြောဆိုချက်ကို ၎င်းကကြိုဆိုခဲ့ပြီး အကောက်ခွန်အသစ်များ စည်းကြပ်ခြင်းသည် “အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေး၏ အခြေခံ အုတ်မြစ်များကို ထိခိုက်စေလိမ့်မည်” ဟု သတိပေးခဲ့သည်။

သို့သော်လည်း အင်အားသုံးဖြေရှင်းမှုများ ပိုမိုများပြားလာသည့် ကမ္ဘာ့ အစီအစဉ်သစ်အတွင်း အမေရိကန်နှင့်ဥရောပတို့ လျှောက်လှမ်းနိုင်ရန် အတွက် NATO သည် အရေးကြီးဆုံးအဖွဲ့အစည်းဖြစ်ကြောင်း ၎င်းက အလေးပေး ပြောကြားခဲ့သည်။

“ကမ္ဘာ့အစီအစဉ်ဟောင်းက ရင်သပ်ရှုမောဖွယ် အရှိန်နှုန်းဖြင့် ပြိုပျက် နေပါသည်၊ မိမိတို့၏ ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်မှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံရပါမည်၊ မိမိတို့၏ စီးပွားရေးတွေကိုလည်း အမြန်ဆုံး ယှဉ်ပြိုင် နိုင်စွမ်းရှိအောင် လုပ်ဆောင်ရပါမည်၊ ဥရောပသား အချင်းချင်း ကြားမှာ ရော သဘောထားချင်းတူသည့် မိတ်ဖက်နိုင်ငံတွေကြားမှာပါ ပိုပြီး နီးနီး ကပ်ကပ် ရပ်တည်ကြရပါမည်” ဟု ၎င်းက ဆိုသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂