ဥရောပမဟာမိတ်များကို ကာကွယ်ပေးမည့် ကတိကဝတ်များကို ပင်တဂွန် လျှော့ချ
အမေရိကန်ပြည်ထောင်စုသည် မိမိနိုင်ငံကာကွယ်ရေးကို ဦးစားပေးမည် ဖြစ်ပြီး ဥရောပရှိ မဟာမိတ်များအတွက် ‘ကန့်သတ်ချက်ရှိသော’ ပံ့ပိုးမှု ကိုသာ ပေးအပ်မည်ဖြစ်ကြောင်း ပင်တဂွန်က ပြောကြားလိုက်သည်။
သောကြာနေ့ (ဇန်နဝါရီ ၂၃) က ထုတ်ပြန်ခဲ့သည့် ပြင်ဆင်ထားသော အမျိုးသားကာကွယ်ရေးမဟာဗျူဟာတွင် အမေရိကန်စစ်ဌာနချုပ်က နေတိုး (NATO) အဖွဲ့ဝင် ဥရောပနိုင်ငံများသည် မိမိတို့ကိုယ်ကိုယ် ကာကွယ်ရန် နှင့် ယူကရိန်းအား စစ်ရေးအရ အကူအညီပေးရန်အတွက် အဓိက အခန်း ကဏ္ဍမှ ပါဝင်ရမည်ဟု ပြောကြားထားသည်။
‘မိမိတို့သည် ဥရောပနှင့် ဆက်လက်ပတ်သက်နေမည်ဖြစ်သော်လည်းမိခင်နိုင်ငံအမေရိကန်ကို ကာကွယ်ခြင်းနှင့် တရုတ်နိုင်ငံကို ဟန့်တားခြင်း တို့ကို မဖြစ်မနေဦးစားပေးရမည်ဖြစ်သည်’ ဟု အဆိုပါစာတမ်းတွင် ဖော်ပြ ထားသည်။
‘ထို့ကြောင့် စစ်ဌာနချုပ်သည် ဥရောပ၏ သမားရိုးကျ ကာကွယ်ရေးအတွက် နေတိုးမဟာမိတ်များက အဓိကတာဝန်ယူရန် လှုံ့ဆော် အားပေး သွားမည်ဖြစ်ပြီး အမေရိကန်ကမူ အရေးပါသော်လည်း ပိုမိုကန့်သတ်ချက် ရှိသော ပံ့ပိုးမှုများကိုသာ ပေးအပ်တော့မည်ဖြစ်သည်။ ယင်းတွင် ယူကရိန်း ၏ကာကွယ်ရေးကို ထောက်ပံ့ရာ၌ ဦးဆောင်မှုယူခြင်းလည်း ပါဝင်သည်။ သမ္မတ ထရမ့် ပြောကြားခဲ့သည့်အတိုင်း ယူကရိန်းစစ်ပွဲသည် အဆုံးသတ် ရမည်ဖြစ်သည်။ သို့သော် သမ္မတ အလေးပေးပြောကြားခဲ့သကဲ့သို့ပင် အဆိုပါအရေးသည် ဥရောပ၏ တာဝန်သာ ဖြစ်သည်’ ဟု စာတမ်းတွင် ဖော်ပြထားသည်။
ပြင်ဆင်လိုက်သော မဟာဗျူဟာတွင် နေတိုး (NATO) အဖွဲ့ဝင်များအနေဖြင့် စစ်အသုံးစရိတ် တိုးမြှင့်ရန်နှင့် ဝါရှင်တန်အပေါ် မှီခိုနေရမှုကို လျှော့ချရန် သမ္မတ ဒေါ်နယ်ထရမ့်၏ ကြိုးပမ်းအားထုတ်မှုများကို မှတ်တမ်း တင်ထားသည်။ နေတိုးအဖွဲ့အကြီးအကဲ Mark Rutte ကလည်း နေတိုး အဖွဲ့ကို ပိုမိုကြံ့ခိုင်လာအောင် လုပ်ဆောင်ပေးခဲ့သူမှာ ထရမ့်ဖြစ်ကြောင်း မကြာသေးမီကပင် အသိအမှတ်ပြု ပြောကြားခဲ့သည်။
'ဥရောပမှာရှိသည့် မိမိတို့ကို ပိုပြီးအားစိုက်ထုတ်လာအောင်၊ မိမိတို့၏ ကိုယ်ပိုင်ကာကွယ်ရေးအတွက် မိမိတို့ဘာသာ ပို၍တာဝန်ယူရမည် ဆိုသည့် အကျိုးဆက်တွေကို ရင်ဆိုင်လာအောင် ၎င်းက ဖိအားပေးခဲ့တာပါ' ဟု Rutte က ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၂၁) တွင် Fox News သို့ ပြောကြား ခဲ့သည်။
တစ်ချိန်တည်းမှာပင် ဥရောပတာဝန်ရှိသူအများအပြားက ဒိန်းမတ်နိုင်ငံ ထံမှ ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရန် ထရမ့်၏ခြိမ်းခြောက်မှုများအပေါ် ဝေဖန်ခဲ့ကြပြီး၊ အီးယူ (EU) နိုင်ငံခြားရေးမူဝါဒအကြီးအကဲ Kaja Kallas က ထရမ့်၏ ရပ်တည်ချက်သည် အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးအတွက် 'ကြီးမားသော ထိုးနှက်ချက်' ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ပင်တဂွန်ကမူ ထရမ့်ကသိမ်းပိုက်ရန် ကြိုးပမ်းနေသည့် ဂရင်းလန်းနှင့် ပနားမားတူးမြောင်းရှိ 'အဓိက နယ်မြေ' များသို့ ဝင်ရောက်ခွင့် ရရှိ စေရန် အတွက် ယုံကြည်စိတ်ချရသော ရွေးချယ်စရာများကို သမ္မတထံ တင်ပြ သွားမည်ဟု ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
