အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်က စစ်ရေးလေ့ကျင့်မှုများ စတင်ပြုလုပ်
အမေရိကန်သည် အရှေ့အလယ်ပိုင်းဒေသ တစ်လွှားတွင် ရက်ပေါင်းများစွာ ကြာမြင့်မည့် အကြီးစား စစ်ရေးလေ့ကျင့်မှုများကို စတင်လိုက်ပြီ ဖြစ်သည်။ အဆိုပါလေ့ကျင့်ခန်းများသည် တီဟီရန်နှင့် တင်းမာမှုများ မြင့်တက်နေစဉ်အတွင်း သမ္မတ ဒေါ်နယ်ထရမ့်က ရေတပ်အင်အားထပ်မံတိုးမြှင့်ချထားမည်ဟု ကြေညာလိုက်သည့်အချိန်နှင့်လည်း တိုက်ဆိုင် နေသည်။
အမေရိကန် လေတပ်ဌာနချုပ် (AFCENT) က အင်္ဂါနေ့ (ဇန်နဝါရီ ၂၇) တွင် ပြောကြားရာ၌ ထို "အသင့်ဖြစ်မှု လေ့ကျင့်ခန်း" (Readiness exercise) သည် တိုက်လေယာဉ်များကို လျင်မြန်စွာ ချထားနိုင်မှုနှင့် ရေရှည် ထိန်းသိမ်း ထားနိုင်မှု စွမ်းရည်တို့ကိုပြသရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆိုသည်။ ထို့အပြင် တပ်ဖွဲ့ဝင်များနှင့် ဂျက်တိုက်လေယာဉ်များကို သတ်မှတ်ထား သော အရေးပေါ် အခြေစိုက်စခန်းများ (Contingency locations) သို့ ဖြန့်ကြက်ခြင်းနှင့် မဟာမိတ်နိုင်ငံများနှင့် ကွပ်ကဲမှုစနစ် ပေါင်းစပ်ခြင်း ဆိုင်ရာလုပ်ငန်းစဉ်များကို စမ်းသပ်ရန်လည်း ရည်ရွယ်ထားသည်ဟု ဆိုသည်။
"ယင်းက တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေသည့် လေသူရဲများကို အမြဲရှိနေစေရန် နှင့် လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာမှာ လေကြောင်းအင်အားကို စနစ်တကျအသုံးပြုနိုင်ရန် ကျွန်တော်တို့၏ ကတိကဝတ်ကို ထိန်းသိမ်း ခြင်းပဲ ဖြစ်ပါသည်" ဟု AFCENT တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး Derek France က ပြောကြားခဲ့သည်။
ယခု လေကြောင်းစစ်ရေးလေ့ကျင့်မှုများသည် ရေတပ်အင်အား အမြောက် အမြား တိုးမြှင့်ချထားမှုအား ပိုမိုအားဖြည့်ပေးလိုက်ခြင်းပင် ဖြစ်သည်။ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Abraham Lincoln နှင့်အတူ ဖျက်သင်္ဘောများသည် ယခုသီတင်းပတ်အစောပိုင်းတွင် ထိုဒေသ အတွင်းသို့ ဝင်ရောက်လာပြီဖြစ်ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က အတည်ပြုခဲ့သည်။ ထို့အပြင် အမေရိကန်သည် F-15E Strike Eagle တိုက်လေယာဉ်များ၊ Patriot ဒုံးကျည်များနှင့် THAAD လေကြောင်းရန်ကာကွယ်ရေး စနစ်များကိုလည်း အရှေ့အလယ်ပိုင်းသို့ ထပ်မံရွှေ့ပြောင်းချထားခဲ့သည်။
သမ္မတ ထရမ့်က ဇန်နဝါရီ ၂၇ မိန့်ခွန်းတစ်ခုတွင် "နောက်ထပ် ရေတပ် အုပ်စုကြီးတစ်ခုသည် ယခုအချိန်မှာ အီရန်နိုင်ငံဆီကို ဝံ့ကြွားစွာ ရွှေ့လျား သွားနေပြီ" ဟု ပြောကြားခဲ့ပြီး တီဟီရန်အနေဖြင့် သဘောတူညီချက်တစ်ခု ရယူလိမ့်မည်ဟု မျှော်လင့်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ အီရန်နိုင်ငံအနီးရှိ ယခုရေတပ်အင်အားသည် ဗင်နီဇွဲလား စစ်ဆင်ရေးတွင် အသုံးပြုခဲ့သည့် အင်အားထက်ပင်ပိုမိုကြီးမားကြောင်း ၎င်းက အစောပိုင်းတွင် အခိုင်အမာ ပြောကြားထားသည်။
အဆိုပါစစ်ရေးလှုပ်ရှားမှုများသည် ရက်သတ္တပတ်ပေါင်းများစွာ ပြင်းထန်သော တင်းမာမှုများအပြီးတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းခဲ့သည့်အတွက် တီဟီရန်အား အပြစ်ပေးနိုင်ရေး တိုက်ခိုက်မှုများပြုလုပ်ရန် ထရမ့်က အမိန့်ပေးရန် နီးစပ်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ အမေရိကန်သမ္မတ အနေဖြင့် နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးသော်လည်း ဝါရှင်တန် သည် အီရန်အရာရှိများနှင့် စစ်ဘက်ဆိုင်ရာတပ်မှူးများကို ပစ်မှတ် ထားကာ တိကျသောတိုက်ခိုက်မှုများပြုလုပ်ရန် စဉ်းစားနေကြောင်း အမည်မဖော်လိုသူ ပင်လယ်ကွေ့အရာရှိတစ်ဦးက Middle East Eye သို့ ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး (၂)
