အမေရိကန် - ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှုအပြီး တရုတ်က စကားဘရော့သောင်စွယ်အနီးကင်းလှည့်
အမေရိကန်နှင့် ဖိလစ်ပိုင်တပ်မတော်တို့၏ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြီးဆုံးပြီး ငါးရက်အကြာတွင် တရုတ်တပ်မတော်က စကားဘရော့သောင်စွယ် အနီးဝန်းကျင်၌ ရေကြောင်းနှင့် လေကြောင်းကင်းလှည့်မှုများကို ဇန်နဝါရီလ ၃၁ ရက်တွင် ပြုလုပ်သည်။
ယခုကင်းလှည့်မှုသည် နယ်မြေပိုင်နက်စိုးမိုးရေးနှင့်ရန်စမှုများကိုတုံ့ပြန်ရန် ပုံမှန်ပြုလုပ်သည့် တိုက်ပွဲဝင်အသင့်ရှိမှု စစ်ဆင်ရေးတစ်ခုဖြစ်ကြောင်း တရုတ်တပ်မတော် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ထုတ်ပြန်သည်။
အဆိုပါကင်းလှည့်မှုသည် ယခုသီတင်းပတ်အစောပိုင်းတွင် အမေရိကန်နှင့် ဖိလစ်ပိုင်တို့က စကားဘရော့သောင်စွယ် အနီး၁၁ ကြိမ်မြောက် ပူးတွဲရေကြောင်းစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ခြင်းကို တုံ့ပြန်လိုက်ခြင်းလည်း ဖြစ်သည်။
တရုတ်တပ်မတော်သည် ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားလာစေနိုင်သောမည်သည့်စစ်ရေးလှုပ်ရှားမှုကိုမဆို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး နိုင်ငံ၏အချုပ်အခြာအာဏာကို ကာကွယ်သွားမည်ဟု သတိပေးထားသည်။
စကားဘရော့သောင်စွယ်သည် တရုတ်နှင့် ဖိလစ်ပိုင်တို့အကြား တင်းမာမှုအရှိဆုံးနေရာတစ်ခုဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ ကင်းလှည့်မှုများမှာ ယခင်နှစ်များထက် နှစ်ဆကျော် မြင့်တက်လာကြောင်း သိရသည်။
Ref: SCMP
MWD
