ဆရာ၊ ဆရာမအရည်အသွေးမြှင့် ဆွေးနွေးပွဲ ကျင်းပ
နေပြည်တော် ဇန်နဝါရီ ၂၃
ဆရာ၊ ဆရာမများ၏သင်ကြားမှုနှင့် သုတေသန အရည်အသွေးမြှင့်တင်နိုင်ရန် ရည်ရွယ်ပြုလုပ်သည့် “သင်ကြားရေးတွင် AI ကို အသုံးချနည်းများ” (Presentation on AI in Education) ခေါင်းစဉ်ဖြင့် ဆရာ၊ဆရာမ အရည်အသွေးမြှင့် ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy Conference Room ခန်းမသစ်၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်က Artificial Intelligence(AI)သည် ယနေ့ခေတ် ဒစ်ဂျစ်တယ် ပညာရေးတွင် အလွန်အရေးကြီးသော နည်းပညာတစ်ခုဖြစ်ကြောင်း၊ သင်ကြားခြင်းနှင့်သင်ယူခြင်း (Teaching and Learning) ကဏ္ဍတွင် AI ကို မည်သို့အသုံးပြုနေသည်ကို ဆရာ၊ ဆရာမ များက သိရှိနားလည်သဘောပေါက်ရန် လိုအပ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် AI ကိုအသုံးပြု၍ သင်ခန်းစာများနှင့် သင်ရိုးညွှန်းတမ်း (Curriculum)များ ရေးဆွဲရာတွင် အထောက်အကူဖြစ်စေရန် အသုံးပြုနိုင်ကြောင်း၊ သို့ရာတွင် AI ပေါ်တွင် အလုံးစုံ အားကိုးခြင်းမျိုးမဟုတ်ပဲ AI ကရရှိသည့် အချက်အလက်များကို အသုံးပြု၍ ဆရာ၊ဆရာမများက မိမိတို့နိုင်ငံ၏အခြေအနေ၊ မိမိတို့ကျောင်းသား၊ ကျောင်းသူများ၏ လိုအပ်ချက်နှင့် ကိုက်ညီသော သင်ရိုးညွှန်းတမ်းများဖြစ်လာစေရန် မိမိတို့၏အတွေးအမြင်များကို ထည့်သွင်းပြီး အကျိုးရှိစွာအသုံးပြုကြစေလိုကြောင်း။
ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို AI နည်းပညာကို စနစ်တကျ အသုံးချတတ်စေရန် လမ်းညွှန်ပေးစေလိုကြောင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရသော နယ်ပယ်များတွင် AI ကို အသုံးပြုခြင်းသည် အချိန်ကုန်သက်သာစေသည့် အားသာချက်များစွာရှိပြီး လိုအပ်သောအချက်အလက်များကို မြန်မြန်ဆန်ဆန် စုစည်းကာ စနစ်တကျအသုံးချနိုင်ကြောင်း၊ AI သည် အကျိုးကျေးဇူးများစွာရှိသော်လည်း စိန်ခေါ်မှုများလည်း ရှိနေသည့်အတွက် AI နည်းပညာကို အကျိုးရှိစွာအသုံးပြု၍ မိမိတို့၏လုပ်ငန်းခွင်တွင် ထိရောက်စွာ အသုံးချကြစေလိုကြောင်း ပြောကြားသည်။
ထိုနောက် အင်္ဂလိပ်စာဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာသီရိအောင်နှင့် ဘာသာရပ်ဌာနများမှ ဆရာ၊ ဆရာမများက သင်ကြားရေးတွင် AI အသုံးချနည်းများကို Power Points ဖြင့်ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးအကြံပြုသည်။
ယင်းနောက် ပြည်ထောင်စု၀န်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး ဒုတိယ၀န်ကြီး က လာမည့်သီတင်းပတ်တွင် ဆွေးနွေးမည့် “အပြန်အလှန်ဆွေးနွေးခြင်းဖြင့် သင်ကြားသင်ယူနည်းစနစ်များ”(Interactive Teaching and Learning Approaches) ခေါင်းစဉ်နှင့်စပ်လျဉ်း၍ အလေးပေးသင့်သည့် အချက်များကို ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
MWD
