ဂျပန်တွင်နှင်းကျမှုကြောင့် သေဆုံးသူမြင့်တက်ဆီးနှင်းပြိုကျနိုင်ခြေရှိကြောင်း သတိပေး
တိုကျို၊ သဘာဝဘေး
ဂျပန်နိုင်ငံမြောက်ပိုင်းဒေသများတွင်သီတင်းပတ်နှစ်ပတ်ကြာ နှင်းများထူထပ်စွာကျဆင်းမှုကြောင့် သေဆုံးသူ ၃၅ ဦးအထိ မြင့်တက်လာသည်။ ထို့နောက် အပူချိန်မှာရုတ်တရက် ပြန်လည်မြင့်တက်လာသောကြောင့် ဆီးနှင်းပြိုကျမှုများဖြစ်ပေါ်နိုင်ကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၄ ရက်တွင် သတိပေးသည်။
ဇန်နဝါရီလ ၂၀ ရက်မှစတင်ကာ နိုင်ငံတစ်ဝန်းတွင် ဆီးနှင်းများကျဆင်းမှုကြောင့် လူပေါင်း ၃၉၃ ဦး ဒဏ်ရာရရှိထားကြောင်း မီးသတ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအေဂျင်စီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဇန်နဝါရီလနှောင်းပိုင်းမှစတင်၍ နှင်းများကျမှုကြောင့် နှင်းများထူထပ်စွာဖုံးလွှမ်းပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ကာ နေအိမ်များပြိုကျခြင်း၊ ကျောင်းများနှင့် လုပ်ငန်းများကိုပိတ်ထားရခြင်းများ ဖြစ်ပေါ်ခဲ့သည်။
သို့သော် ဖေဖော်ဝါရီလ ၄ ရက်တွင် ဒေသအချို့၌ အပူချိန် ၈ ဒီဂရီစင်တီဂရိတ်အထိမြင့်တက်လာခဲ့ရာ အိမ်ခေါင်မိုးများပေါ်မှ လေးလံစိုစွတ်သောနှင်းထုများပြုတ်ကျခြင်းနှင့် ဆီးနှင်းပြိုကျခြင်းတို့ကြောင့် ထိခိုက်သေဆုံးမှုများထပ်မံဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများအနေဖြင့် ဆီးနှင်းပြိုကျမှုအန္တရာယ်ကို အထူးဂရုပြုကြရန် တာဝန်ရှိသူများက အသိပေးနှိုးဆော်ထားသည်ဟုသိရသည်။
Ref: ST
MWD
