မဒါဂတ်စကာနိုင်ငံတွင်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း Gezani ကြောင့် အနည်းဆုံး လူပေါင်း ၅၉ ဦး သေဆုံးခဲ့ပြီး ဒေသခံ ၁၆,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရုံး (BNGRC) က တနင်္လာနေ့ (ဖေဖော်ဝါရီ ၁၆) တွင် သတင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ အေဂျင်စီ၏ ပြောကြားချက်အရ လူ ၁၅ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ၈၀၄ ဦး ဒဏ်ရာရရှိခဲ့ကာ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခံစားရသူပေါင်း ၄၂၄,၀၀၀ ခန့် ရှိကြောင်း သိရှိရသည်။ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပြီးနောက် မဒါဂတ်စကာအစိုးရသည် ဖေဖော်ဝါရီ ၁၄ ရက်နေ့ တွင် နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။ BNGRC မှ ထုတ်ပြန်သော ပဏာမ ပျက်စီးဆုံးရှုံးမှု အစီရင်ခံစာအရAtsinanana၊ Analamanga၊ Analanjirofo၊ Itasy နှင့် Alaotra Mangoro အစရှိသည့် ဒေသကြီး ၅ ခုရှိ ခရိုင်ပေါင်း ၂၅ ခုတွင် မုန်တိုင်းဒဏ် ခံခဲ့ရသည်။ ထောင်နှင့်ချီသော နေအိမ်များပျက်စီးခဲ့ပြီး အချို့ဒေသများတွင် ဆေးရုံများနှင့်စာသင်ကျောင်းများအပါအဝင် အခြေခံအဆောက်အအုံများ ဆိုးရွားစွာပျက်စီးဆုံးရှုံးခဲ့ကြောင်း အစီရင် ခံစာတွင် ဖော်ပြထားသည်။မဒါဂတ်စကာကျွန်းနိုင်ငံကို ဝင်ရောက်တိုက်ခတ်ချိန်တွင် ဆိုင်ကလုန်း မုန်တိုင်း Gezani သည် အလွန်အင်အားပြင်းသော အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်းတစ်ခုဖြစ်ပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၈၅ ကီလိုမီတာခန့် နှင့် လေပြင်းတိုက်ခတ်မှုမှာ ၂၇၀ ကီလိုမီတာခန့်အထိ ရှိခဲ့သည်။ ယင်းကြောင့် ခရိုင်များစွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး ရေလျှံမှု များ ဖြစ်ပေါ်ကာ အချို့သော လမ်းမကြီးများမှာ လုံးဝ ဖြတ်သန်း၍ မရအောင် ပျက်စီးခဲ့သည်။ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က မုန်တိုင်းသည် မိုဇမ်ဘစ်ရေလက်ကြားအတွင်းသို့ ရောက်ရှိသွားပြီဖြစ်ပြီး မိုဇမ်ဘစ်နိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းတို့ကို သက်ရောက်မှု ရှိနိုင်ကြောင်း၊ ထို့ပြင် "မဒါဂတ်စကာနိုင်ငံ အနောက်တောင်ဘက် ကမ်းရိုးတန်း သို့ နောက်ကြောင်းပြန်လှည့်လာနိုင်ခြေရှိကြောင်း" သောကြာနေ့ (ဖေဖော်ဝါရီ ၁၃) တွင် သတိပေးထားသည်။Gezani မတိုက်ခတ်မီ ရက်ပိုင်းအလိုကလည်း မဒါဂတ်စကာတွင် အခြား မုန်တိုင်းတစ်ခု ဝင်ရောက်ခဲ့သေးသည်။ ဇန်နဝါရီ ၃၁ ရက်နေ့က အပူပိုင်း ဆိုင်ကလုန်း Fytia ကုန်းတွင်းသို့ဝင်ရောက်ခဲ့ရာ မဒါဂတ်စကာ အနောက် မြောက်ပိုင်းတွင် ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့ရကြောင်း OCHA က ဆိုသည်။ "ဖေဖော်ဝါရီ ၆ ရက်နေ့အထိ စာရင်းများအရ လူ ၁၂ ဦး သေဆုံးခဲ့ပြီး၊ လူပေါင်း ၃၁,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရကာ ဒေသကြီး ၉ ခုရှိ ခရိုင်ပေါင်း ၃၅ ခုတွင် လူ ၂၀၀,၀၀၀ ကျော် ထိခိုက်ခံစားခဲ့ရသည်။ Boeny ဒေသကြီးမှာ အဆိုးရွားဆုံး ထိခိုက်ခဲ့သည်" ဟု ကုလသမဂ္ဂ အေဂျင်စီက ဖော်ပြခဲ့သည်။ပြီးခဲ့သည့်လက သီတင်းပတ်ပေါင်းများစွာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ ပြီးနောက် အာဖရိကတောင်ပိုင်းဒေသအချို့တွင် ပြင်းထန်သော ရေကြီးမှု များဖြစ်ပွားခဲ့ရာ မိုဇမ်ဘစ်နိုင်ငံသည်လည်း အပါအဝင်ဖြစ်သည်။ မြစ် ရေလျှံမှုများကြောင့် အစိုးရက ဇန်နဝါရီ ၁၆ ရက်နေ့တွင် အနီရောင် အဆင့် (Red Alert) အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် တောင်းဆိုထားခဲ့ရသည်။ကိုးကား- RTဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂
Tue, 17-Feb-2026