ကိုလံဘီယာနိုင်ငံတွင် ရေကြီးရေလျှံမှုများကြောင့် အရေးပေါ်အခြေအနေကြေညာ
ကိုလံဘီယာနိုင်ငံ၌ ဆိုးဝါးသောရေကြီးရေလျှံမှုများကြောင့် လူ ၁၈ ဦးထက်မနည်းသေဆုံးပြီး အိမ်ထောင်စုထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ရသောကြောင့် အစိုးရက ဖေဖော်ဝါရီလ ၁၁ ရက်တွင် နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေတစ်ရပ်ကို ကြေညာလိုက်ကြောင်းသိရသည်။
ဖေဖော်ဝါရီလအတွင်း စံချိန်တင်ရွာသွန်းသောမိုးကြောင့် ဆည်များကျိုးပေါက်ကာ မြစ်ရေလျှံမှုများဖြစ်ပေါ်ရာ ကော်ဒိုဘာပြည်နယ်က သဘာဝဘေးကို အဆိုးရွားဆုံး ခံစားရပြီး ဒေသခံ ၁၅၀၀၀၀ ကျော် ရေဘေးသင့်သည်။ ရေဘေးကြောင့် နေအိမ် ၄၃၀၀ ကျော် ပျက်စီးခဲ့ရုံသာမက စိုက်ပျိုးရေးနှင့် မွေးမြူရေးနယ်မြေများစွာမှာ ရေအောက်ရောက်ရှိသွားသည်။ မွေးမြူရေးလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်အရ ကျွဲ၊နွားအကောင်ရေ အနည်းဆုံး ၁၂၀၀ ကျော်သေဆုံးကြောင်းသိရသည်။
သမ္မတ ဂူစတာဗိုပတ်ထရိုသည် အဆိုပါ ဘေးအန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းရန်ရက်ပေါင်း ၃၀ ကြာ အရေးပေါ်အမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဤအမိန့်အရ လွှတ်တော်၏ အတည်ပြုချက်မလိုအပ်ဘဲ ရေဘေးသင့်ဒေသများသို့ ကူညီကယ်ဆယ်ရေးရန်ပုံငွေနှင့် အရင်းအမြစ်များကို တိုက်ရိုက်ခွဲဝေ အသုံးပြုသွားမည်ဖြစ်သည်။ လက်ရှိတွင် တာဝန်ရှိသူများကကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရသည်။
Ref: ST
MWD
