စပိန်နှင့် ပေါ်တူဂီတို့တွင် မုန်တိုင်းများကြောင့် အမြင့်ဆုံးအဆင့် သတိပေးချက်များထုတ်ပြန်

News Image

  • စပိန်နှင့် ပေါ်တူဂီတို့တွင် မုန်တိုင်းများကြောင့် အမြင့်ဆုံးအဆင့် သတိပေးချက်များထုတ်ပြန်

စပိန်နိုင်ငံနှင့် ပေါ်တူဂီနိုင်ငံတို့၌ ပြင်းထန်သော မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူလေပြင်းတိုက်ခတ်မှုများကြောင့် သစ်ပင်များလဲခြင်း၊ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အနှောင့်အယှက်ဖြစ်ခြင်းနှင့် စာသင်ကျောင်းများပိတ်ထားရခြင်းတို့ ဖြစ်ပေါ်နေသဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်တွင် အမြင့်ဆုံးအဆင့်သတိပေးချက်များ ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ယခုနှစ်အတွင်း စပိန်နိုင်ငံသို့ ရှစ်ကြိမ်မြောက်အဖြစ်ဝင်ရောက်တိုက်ခတ်သော နေးမုန်တိုင်းကြောင့် ဂါလီစီယာ၊ ကန်တာဘရီယာနှင့် ဘတ်ဒေသတို့တွင် အမြင့်ဆုံးဖြစ်သော အနီရောင်အဆင့်သတိပေးချက်ထုတ်ပြန်ထားပြီး လှိုင်းတံပိုးများမှာ အမြင့်ကိုးမီတာခန့်အထိ ရောက်ရှိလာနိုင်သည်ဟုမိုးလေဝသဌာနက သတိပေးထားသည်။ 

ကာတာလိုနီးယားဒေသတွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျမှုဖြစ်ပွားရာ လူ ၂၄ ဦးထိခိုက်ဒဏ်ရာရသည်။ ဘာစီလိုနာလေဆိပ်တွင် လေကြောင်းခရီးစဉ် ၄၀ကျော် ဖျက်သိမ်းလိုက်ရသည်။

ပေါ်တူဂီနိုင်ငံတွင် မိုးသည်းထန်စွာထပ်မံရွာသွန်းရာ မြောက်ပိုင်းဒေသများတွင် ဒေသခံ ၃၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရသည်။ ထို့ပြင်မွန်ဒီဂိုမြစ်ရေလျှံမှုကြောင့် ပေါ်တူဂီနိုင်ငံ၏ အဓိကအဝေးပြေးလမ်းမကြီးဖြစ်သော A1 လမ်းပိုင်းတစ်စိတ်တစ်ပိုင်း ပြိုကျပျက်စီးသည်။ ဇန်နဝါရီလကုန်ပိုင်းမှစတင်၍ ဆက်တိုက်ဝင်ရောက်တိုက်ခတ်သော မုန်တိုင်းများကြောင့် ပေါ်တူဂီနိုင်ငံတွင် အနည်းဆုံး လူ ၁၆ ဦး သေဆုံးပြီး ယူရို ၇၇၅ သန်းခန့် ပျက်စီးဆုံးရှုံးကြောင်း သိရသည်။

Ref: ST

MWD