ဇီဝ AI စက်ရုပ် မိုယာ လူသားနှင့် ၉၂ ရာခိုင်နှုန်းတူအောင် လမ်းလျှောက်နိုင်
မျက်လုံးချင်းဆုံကြည့်နိုင်သလို မျက်နှာအမူအရာအမျိုးမျိုးကိုပါ လုပ်ဆောင်နိုင်တဲ့ မိုယာအမည်ရှိ ဇီဝ AI လူတူစက်ရုပ်တစ်ခုကို ရှန်ဟိုင်းအခြေစိုက် DroidUp ကုမ္ပဏီက မိတ်ဆက်လိုက်ပါတယ်။ ဒီစက်ရုပ်ဟာ ဒစ်ဂျစ်တယ်လောကမှာတင်မက ပြင်ပကမ္ဘာမှာပါ လူသားတွေလို နားလည်တွေးခေါ် လှုပ်ရှားနိုင်တဲ့ Embodied AI နည်းပညာကို အခြေခံထားတာ ဖြစ်ပါတယ်။
မိုယာဟာ အရပ် ၅ ပေခွဲခန့်ရှိပြီး ကိုယ်အလေးချိန် ၃၂ ကီလိုဂရမ်ရှိပါတယ်။ ထူးခြားချက်ကတော့ လူသားတွေရဲ့ ခန္ဓာကိုယ်အပူချိန်အတိုင်း ၃၂ ဒီဂရီကနေ ၃၆ ဒီဂရီစင်တီဂရိတ်အတွင်း ရှိနေအောင် ဖန်တီးထားတာပါ။ ဒါ့အပြင် လူသားတွေ လမ်းလျှောက်တဲ့ပုံစံအတိုင်း ၉၂ ရာခိုင်နှုန်းအထိတူညီအောင် လျှောက်လှမ်းနိုင်သလို လူသားတွေရဲ့ သိမ်မွေ့တဲ့မျက်နှာအမူအရာ တွေကိုပါ လိုက်ပါလုပ်ဆောင်နိုင်ပါတယ်။
စက်ရုပ်ပုံစံက လူနဲ့တူလွန်းတာကြောင့် တချို့က စိတ်ဝင်စားကြပေမယ့် တချို့ကတော့ လူနဲ့တူလွန်းလို့ ကြောက်စရာကောင်းတယ်လို့ဝေဖန်မှုတွေလည်း ရှိပါတယ်။ မိုယာရဲ့ကိုယ်ထည်ပိုင်းကို Walker 3 လို့ခေါ်တဲ့ ရှေ့ပြေးပုံစံအခြေခံနဲ့ တည်ဆောက်ထားတာဖြစ်ပြီး အပြင်ပန်းဒီဇိုင်းကို စိတ်ကြိုက်ပြောင်းလဲနိုင်တဲ့ Modular စနစ်အသုံးပြုထားပါတယ်။
Ref: IE
ကိုထက်
MWD
