ဂါဇာနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်သော်လည်း ပါလက်စတိုင်းသားများ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရ
ဂါဇာဒေသ၏ အဓိကဝင်ပေါက်ဖြစ်သော ရာဖာ (Rafah) နယ်စပ်ဂိတ်ကို အကန့်အသတ်ဖြင့် ပြန်လည်ဖွင့်လှစ်လိုက်သော်လည်း နေရပ်ပြန်လာသူ ပါလက်စတိုင်းသားများသည် အစ္စရေးတပ်ဖွဲ့များ၏ ဖိနှိပ်ချုပ်ချယ်မှုနှင့် စစ်ဆေးမေးမြန်းမှုများကို ပြင်းထန်စွာ ခံစားနေရသည်။ ၂၀၂၄ ခုနှစ် မေလတွင် အစ္စရေးတို့ သိမ်းပိုက်ခဲ့ပြီးနောက် နှစ်နှစ်နီးပါး ပိတ်ထားခဲ့သည့် ယင်းဂိတ်မှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသူများကို အစ္စရေး စစ်တပ်က လက်ထိပ်ခတ်ခြင်း၊ မျက်လုံးကို အဝတ်ဖြင့်စည်းနှောင်၍ နာရီပေါင်းများစွာထိန်းသိမ်းခြင်းနှင့် လက်ခံနိုင်စရာမရှိသော မေးခွန်းများဖြင့် စစ်ဆေးမေးမြန်းခြင်းများပြုလုပ်နေကြောင်း ကိုယ်တိုင် ကြုံတွေ့ရသူများက ဖွင့်ဟပြောဆိုခဲ့ကြသည်။
လက်ရှိတွင် ရာဖာနယ်စပ်ဂိတ်သည် တစ်နေ့လျှင် ဂါဇာမှ ထွက်ခွာခွင့်ကို လူ ၁၅၀ ဦးနှင့် ပြန်လည်ဝင်ရောက်ခွင့်ကို ၅၀ ဦးသာ ခွင့်ပြုထားသည်။ သို့သော်လည်း ဂါဇာဒေသအတွင်း၌ ဆေးကုသမှု အရေးပေါ်လိုအပ်နေသည့် ကလေးငယ် ၄,၀၀၀ အပါအဝင် လူပေါင်း ၂၀,၀၀၀ ခန့်မှာ ထွက်ခွာခွင့်မရဘဲ ပိတ်မိနေဆဲဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်၏ ငြိမ်းချမ်းရေးအစီအစဉ်အရ ထိုနယ်စပ်ဂိတ် ပြန်လည် ဖွင့်လှစ်ရေးမှာ အဓိကအချက်ဖြစ်သော်လည်း အစ္စရေးဘက်က ဓားစာခံရုပ်အလောင်းများ ပြန်လည်ရရှိရေးကို အကြောင်းပြ၍ အချိန်ဆွဲမှုများ ရှိခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သည့် ထိုစစ်ပွဲကြောင့် ဂါဇာတွင် ပါလက်စတိုင်းသား ၇၂,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ၁၇၁,၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ကာ ဒေသတွင်းအဆောက်အအုံများ၏ ၈၁ ရာခိုင်နှုန်းမှာ ပျက်စီးခဲ့ရသည်။ ကုလသမဂ္ဂ၏ အဆိုအရ လူပေါင်း ၁.၃ သန်းခန့်မှာ စစ်ဘေးရှောင်စခန်းများတွင် ခက်ခဲစွာ နေထိုင်နေရဆဲ ဖြစ်သည်။ ပါလက်စတိုင်းသားများကမူ ၎င်းတို့၏ နေရပ်သို့ မည်သည့်ကန့်သတ်ချက်မှမရှိဘဲ လွတ်လပ်စွာ ပြန်လာခွင့်ရရှိရန်နှင့် ဂါဇာဒေသ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် နိုင်ငံတကာအဖွဲ့အစည်းများကို တိုက်တွန်းတောင်းဆိုထားကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
