ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ကြောင်း အီရန်ကြေညာထား
အမေရိကန်နှင့် indirect ဆွေးနွေးပွဲများ ပြုလုပ်နေချိန်မှာပင် အီရန်က တိုက်ရိုက်ပစ်ခတ်လေ့ကျင့်ရေး (live fire drills) ပြုလုပ်ရန်အတွက် ဟော်မုဇ်ရေလက်ကြားကို ယာယီပိတ်ထားကြောင်း အီရန်က ကြေညာလိုက်ပါသည်။
ကမ္ဘာလုံးဆိုင်ရာ ရေနံပမာဏ၏ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းသွားလာနေသည့် အရေးပါသော အဆိုပါ ရေလက်ကြားကိုပိတ်ထားမည်ဟု ကြေညာခြင်းသည် အမေရိကန်ဘက်မှ စစ်အင်အားတိုးချဲ့ပို့ဆောင်နေသည့် အချိန်အခါတွင် တင်းမာမှုများ ပိုမိုမြင့်တက်စေနိုင်ကြောင်း သုံးသပ်ကြပါသည်။
အီရန်အစိုးရ မီဒီယာအဆိုအရ လက်နက်ကိုင်တပ်ဖွဲ့များက ဟော်မုဇ်ရေလမ်းကြောင်းဘက်သို့ ဒုံးကျည်များပစ်ခတ်ခဲ့ပြီး “လုံခြုံရေးနှင့် ရေကြောင်းသွားလာရေးစိုးရိမ်ချက်များ” ကြောင့် နာရီ အနည်းငယ် ပိတ်ထားမည် ဟု သိရပါသည်။ အီရန်၏ ခေါင်းဆောင် Ali Khamenei ကလည်း “ကမ္ဘာ့အင်အားအကြီးဆုံးတပ်မတော်လည်း တခါတရံမှာပြန်လည် နလံမထူနိုင်လောက်အောင် ထိုးနှက်ခံရနိုင်သည်” ဟု သတိပေး ပြောကြားလိုက်ပါသည်။
သို့ရာတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ဂျီနီဗာ၌ ကျင်းပသည့် ဆွေးနွေးပွဲများအပေါ် အပြုသဘောဆန်စွာ ထုတ်ဖော်ပြောကြားပြီး “သဘောတူညီချက်ရရှိရန် အခွင့်အလမ်းသစ်တစ်ခု ပေါ်ပေါက်လာပြီ” ဟုဆိုထားပါသည်။ ထို့ပြင်အီရန်သည် မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို ကိုယ်တိုင်ကာကွယ်ရန် ပြင်ဆင်ထားကြောင်းနှင့် အီရန်ကို တိုက်ခိုက်ပါက သက်ရောက်မှုသည် နယ်နိမိတ် ကန့်သတ်နိုင်မည်မဟုတ်ကြောင်း ပြောကြားထားပါသည်။
ယခုအခါအီရန်တော်လှန်ရေးကာကွယ်ရေးတပ် (Revolutionary Guard) သည် ဟော်မုဇ်ရေလမ်း၊ ပါရှန်ပင်လယ်နှင့် အိုမန်ပင်လယ်အတွင်း စစ်ရေးလေ့ကျင့်မှုများပြုလုပ်နေပြီး ယင်းသည် နိုင်ငံတကာ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို ထိခိုက်စေနိုင်သည်။ အမေရိကန်ဘက်ကလည်း USS Gerald R. Ford နှင့် USS Abraham Lincoln တို့ကို အရှေ့အလယ်ပိုင်းဒေသသို့ ပို့ဆောင်ထားပါသည်။
ကိုးကား - Military.com
ဘာသာပြန်ဆိုသူ - ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး - ၃
