အီရန်ရှိ ဘူရှာနျူကလီးယား စက်ရုံကို အမေရိကန်နှင့်အစ္စရေးတို့ တိုက်ခိုက်
အမေရိကန်-အစ္စရေးတို့က အီရန်နိုင်ငံရှိ ဘူရှာနျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဧပြီလ ၄ ရက်တွင် တိုက်ခိုက်ခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။
အမေရိကန်နှင့်အစ္စရေးတို့က ပစ်ခတ်လိုက်သည့် လက်နက်တစ်ခုသည် အဆိုပါစက်ရုံအနီးတွင် ဒေသစံတော်ချိန် နံနက် ၈ နာရီ မိနစ် ၃၀ ခန့်က ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း IRNA သတင်းဌာနကဖော်ပြထားသည်။
ယခုလုပ်ဆောင်သည့် အမေရိကန်နှင့် အစ္စရေးတို့၏တိုက်ခိုက်မှုသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် အီရန်နှင့် အမေရိကန်-အစ္စရေးတို့အကြား စစ်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ အဆိုပါစက်ရုံအပေါ်လုပ်ဆောင်ခဲ့သည့် စတုတ္ထအကြိမ်မြောက်တိုက်ခိုက်မှုဖြစ်သည်။ အဆိုပါ နျူကလီးယားစက်ရုံသည် အီရန်နိုင်ငံတောင်ပိုင်း ပင်လယ်ကွေ့ကမ်းရိုးတန်းတွင် တည်ရှိကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စက်ရုံလုံခြုံရေးဝန်ထမ်းတစ်ဦး သေဆုံးခဲ့သော်လည်း စက်ရုံမှာမူ ထိခိုက်ပျက်စီးမှုမရှိကြောင်း နိုင်ငံပိုင် IRNA သတင်းဌာနက ဆက်လက်ဖော်ပြထားသည်။ ထို့ပြင် အဆိုပါနျူကလီးယားစက်ရုံအား ထပ်မံတိုက်ခိုက်ခြင်းမပြုရန်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်အာရတ်ချီက အမေရိကန်နှင့် အစ္စရေးတို့အား သတိပေးပြောကြားခဲ့ကြောင်း သိရသည်။
MWD
