နေပြည်တော် ဖေဖော်ဝါရီ ၂၅ တပေါင်းလပြည့်နေ့တွင် ကျရောက်မည့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် သဘာပတိအဖြစ် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းကဆောင်ရွက်ပြီး အခမ်းအနားကို နဝရတ်ကတိသစ္စာ သံပြိုင်ရွတ်ဆို၍ ဖွင့်လှစ်သည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့သည် ပြည်သူလူထု၏ ကျန်းမာရေးကိုတိုင်းရင်းဆေးပညာဖြင့် စောင့်ရှောက်ခဲ့ကြသော တိုင်းရင်းဆေးသမားတော်ကြီးများ၏ ကြိုးစားအားထုတ်မှုများကို အမှတ်တရဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် သမားတော်ကြီးများက မြန်မာ့တိုင်းရင်းဆေး သမားတော်နေ့ကို အစဉ်အလာမပျက်ကျင်းပခဲ့ကြောင်း၊ ယနေ့အခမ်းအနားမှ မြန်မာ့တိုင်းရင်းဆေးပညာကို ပြည်သူ့ကျန်းမာရေးအတွက် အမြဲအားထားရမည့် အင်အားတစ်ရပ်အဖြစ် တည်တံ့ခိုင်မြဲစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။ယင်းနောက် တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက သက်ကြီးဝါကြီး တိုင်းရင်းဆေးသမားတော်ကြီးများအားဂါရဝပြုလက်ဆောင်နှင့် သိပ္ပကျော်စွာဘွဲ့ရ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ နာယက တိုင်းရင်းဆေး ဆရာကြီးဦးမြင့်လွင်အား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက သက်ကြီးဝါကြီး တိုင်းရင်းဆေးသမား တော်ကြီးများအား ဂါရဝပြုလက်ဆောင်ပေးအပ်ပြီး စွမ်းဆောင်ရည်ဆုနှင့် သင်တန်းထူးချွန်ဆုရရှိသူ တိုင်းရင်းဆေးဆရာများအား ဆုများပေးအပ်ချီးမြှင့်ရာ စွမ်းဆောင်ရည်ဆုရ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယ တိုင်းရင်းဆေးမှူးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။ MWD
Wed, 25-Feb-2026